
စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ် ပေကုန်းရွာနဲ့ ၂ ဖာလုံခန့်အကွာမှာ ဩဂုတ် ၁၃ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဗန်းမောက် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမောက်မြို့တောင်ပိုင်း ရွှေကျောင်းကျေးရွာ၊ ပါသက်ကျေးရွာဘက်မှာ စခန်းချပြီး မြို့အတွင်းကို ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဗန်းမောက် PDF က ပေးကုန်ရွာနားကနေ စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံ တဦးက “ဗန်းမောက် PDF က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် တိုက်ခိုက်ခဲ့တာ ကြောင့် စကစဘက်က အထိအခိုက် အကျဆုံး များနိုင်ပါတယ်။ စကစဘက်က လက်နက်ကြီး တပ်ဆင်ဖို့တောင် အချိန်မရအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အသေအပျောက် အတိအကျ မသိရ သေးဘူး” လို့ ပြောပါတယ်။
တိုက်ပွဲမှာ ဗန်းမောက် PDF ဘက်က အကျဆုံး မရှိခဲ့ဘဲ စစ်ကောင်စီတပ်သားတွေ ဗန်းမောက်မြို့တွင်းကို ဆုတ်သွားတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၂ ရက်ကလည်း ဗန်းမောက် PDF နဲ့ ပကဖတို့က ဗန်းမောက်မြို့နယ်ထွေအုပ်ရုံးကို တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်မှူးကျော်မင်းဟန် နေရာမှာတင် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့နယ်ပညာရေးမှူးရုံး၊ ဆောက်လုပ်ရေးရုံးတို့ကို ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။