
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ မောင်တော-အငူမော်ကားလမ်းက ရှိန်ခါလီကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာအကြား တောင်တန်းပေါ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ သြဂုတ် ၁၃ ရက် ဒီမနက် ၈ နာရီလောက်ကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရှိန်ခါလီကျေးရွာအုပ်ချုပ်ရေးမှူးက "လက်နက်ကြီးလက်နက်ငယ်သံတွေဆူညံနေတယ်။ အခုထိ ပစ်နေတုန်းပါ။ ရွာသူ၊ ရွာသားတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးနေကြပါတယ်။"လို့ ပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်တပ်တွေ ထိခိုက် ဒဏ်ရာရတဲ့ အခြေအနေကိုတော့ လတ်တလော မသိရသေးပါဘူး။
တိုက်ပွဲပြင်းထန်နေတာကြောင့် ရှိန်ခါလီကျေးရွာနဲ့ ဒုံးပိုက်ကျေးရွာသားတွေအားလုံးနီးပါး နီးစပ်ရာကျေးရွာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အငူမော်ဘက်က စစ်ကား ၂ စီးနဲ့ စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေကြောင်း ဒုံးပိုက်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
"မနက် ၉ နာရီမှာ အငူမော်ဘက်က စစ်ကား ၂ စီးအင်အားအပြည့်နဲ့ ရှိန်ခါလီဘက်ကို တက်သွားတယ်။ တိုက်ပွဲက တော်တော်လေး ပြင်းထန်နေတယ်။ ဒုံးပိုက်ရွာသားတွေလည်း ဆင်ပိုက်ကျေးရွာဘက်ကို ထွက်ပြေးကြတယ်။"
တိုက်ပွဲကြောင့် မောင်တော-အငူမော်ကားတွေ မသွားရဲကြဘဲ အင်းဒင်စခန်းမှာ ပိတ်မိနေတယ်လို့ ကားသမားတွေထံက သိရပါတယ်။