DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး အတက်ကြမ်းသဖြင့် သတိထားကြရန် ဈေးကွက်ကျွမ်းကျင်သူများ ပြော
DVB
·
August 12, 2022
ပြည်တွင်းရွှေဈေး အတက်ကြမ်းသဖြင့် သတိထားကြရန် ဈေးကွက်ကျွမ်းကျင်သူများ ပြော
Donate to DVB

ပြည်တွင်းရွှေဈေးဟာ မနှစ်က စံချိန်တင် အမြင့်ဆုံးဈေးနှုန်းကို ကျော်လွန်ပြီး အတက်ကြမ်းလာတဲ့အပြင် နေ့စဉ်နဲ့အမျှ ဈေးနှုန်းပြောင်းလဲနေတာကြောင့် သတိထားကြဖို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေက ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းအကယ်ဒမီရွှေဈေးက တကျပ်သားကို မနှစ်က ၁,၃၃၃,၅၀၀ ကျပ်နဲ့ အမြင့်ဆုံး စံချိန်တင်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ပြည်တွင်းအကယ်ဒမီရွှေဈေးက တကျပ်သားကို ၂,၆၀၀,၀၀၀ ကျပ်အထိ အတက်ကြမ်းလာပါတယ်။ ဒါကြောင့် ရွှေဈေးက တနှစ်အတွင်းမှာ ကျပ် ၁,၂၆၆,၅၀၀  တက်လာပြီး ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

ပြည်တွင်းရွှေဈေးနှုန်း အခုလို အတက်ကြမ်းလာတာက နှစ်စဉ် ပုံမှန်ဖြစ်လေ့ရှိတဲ့ မိုးတွင်းကာလ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားနေရတဲ့အပြင် ကုန်သည်တွေကြောင့်လည်း ပါတယ်လို့ ဈေးကွက်သုတေသီတွေက ပြောပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “လူတွေအကုန်လုံးက ရွှေဈေးကို အတက်ပဲ မြင်ပြီဆိုရင် ရွှေဈေးက ပြန်ကျတတ်တယ်နော်။ အဲဒီအတွက်ကြောင့် ဒီလအတွက်ပဲ မှန်းထားတယ်၊ ပြန်ကျဖို့ ရှိတယ်။ ဘာလို့လဲဆိုတော့ လူတွေက ရွှေဈေးကို တက်မယ်ထင်ပြီး သူ့ထက်ငါ အပြိုင်လိုက်ဝယ်လာတာ ကြာပြီလေ။ ကြာပြီဆိုတော့ လူတွေရဲ့ လက်ထဲ တော်တော်များများမှာ ရွှေက ပြည့်နေပြီ။ ပြီးတော့ ဒီလိုကာလတွေမှာ ဖြစ်တာက ရွှေတူးဖော်ရေး မိုင်းတွေမှာ ရွှေထုတ်လို့ မရဘူး။ ရေဝင်တာနဲ့ မြေပြိုမှာစိုးလို့ မလုပ်ကြတာ။ နောက်တချက်က လှောင်သမားတွေ စပါး၊ ပဲ  သီးနှံလှောင်ကုန်သမားတွေက ဒီရာသီမှာ သူတို့လှောင်ထားတဲ့ ကုန်တွေကို ထုတ်ရောင်းကြတယ်။ အဲဒီကရတဲ့ငွေနဲ့ သူတို့က ရွှေကို ပြန်သိမ်းကြတယ်။ ရွှေကို ပြန်သိမ်းတဲ့အတွက် ဈေးကွက်မှာ ဝယ်လိုအားပြီး ထုတ်လုပ်မှုက မရှိတော့ ဈေးတွေ တက်သွားတာ။ ပြီးတော့ ပြည်တွင်းရွှေဈေးက ဒေါ်လာငွေလဲနှုန်းပေါ်မှာ အခြေခံတာဖြစ်လို့လည်း ငွေလဲနှုန်းနဲ့အတူ ရွှေဈေးက ပါသွားတာ။ ဒါပေမဲ့ နောက်လလောက်ဆိုရင် ဈေးက ပြန်ငြိမ်သွားလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဈေးကွက်အတွင်းမှာ မည်သည့်ကုန်အမျိုးအစားပဲဖြစ်ဖြစ် ဈေးအတက် ကြမ်းပါက အကျလည်း ကြမ်းနိုင်တာကြောင့် သတိပြုဖို့ လိုပါတယ်။

ဈေးကွက်သုတေသီတဦးက “ရွှေ တမျိုးတည်း မဟုတ်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် ဝုန်းခနဲ တက်သွားလို့ရှိရင် ဝုန်းခနဲ ပြန်ကျတက်တယ်နော်။ ဒါကြောင့် ဈေးကွက်ထဲမှာ ငြိမ်ငြိမ်လေးနဲ့တက်သွားတဲ့ ဈေးက အခိုင်ဆုံးပဲ။ အဲ့လိုမဟုတ်ဘဲနဲ့ အတက်ကြမ်းလို့ ရှိရင် အကျလည်း ကြမ်းတယ်။ ပြီးတော့ အခုချိန်ကျမှ ရွှေလိုက်ဝယ်ရင်တော့ မြတ်လည်း နည်းနည်းပဲ မြတ်မှာနော်။ မတော်လို့ ကျပြီဆိုရင် ပြေးဖို့ မမှီတော့ဘူး။ အကျကြမ်းရင်တော့ ရွှေဈေးက ၂၂ နဲ့ ၂၃ သိန်းလောက်အထိ ရောက်သွားနိုင်တယ်။ အဲဒီတော့ ဒီအချိန်မှာ အရောင်းအဝယ် သတိထားကြဖို့ လိုတယ်။  ဘာကြောင့်ဆို မြတ်ရင် နည်းနည်းပဲ မြတ်မယ်။ ရှုံးရင် များများ ရှုံးနိုင်တယ်။ တကယ်လို့ပေါ့ မမြင်နိုင်တဲ့ အရေးကိစ္စတွေပေါ်လာ ရင်တော့ မပြောတတ်ဘူးပေါ့ နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေးက တကျပ်သားကို ၂,၆၀၀,၀၀၀ အထိ ဈေးပေါက်နေပေမယ့် ပြည်တွင်းရွှေဈေးနှုန်းအတွက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက နေ့စဉ်ထုတ်ပြန်ပေးတဲ့ ရည်ညွှန်း ရွှေဈေးနှုန်းမှာ ဒီကနေ့ (သြဂုတ် ၁၂ ရက်၊ နေ့လယ်ခင်း ၁၂း၁၅ နာရီ အထိ) ပြည်တွင်းအကယ်ဒမီရွှေဈေးက တကျပ်သားကို ၂,၀၉၁,၀၀၀ ကျပ်သာ ရှိပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းဟာ ဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် တကျပ်သားကို ၅၀၉,၀၀၀ ကျပ်ကွာဟနေတာ တွေ့ရပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၉၁ ဒေါ်လာရှိပါတယ်။

အလားတူ နိုင်ငံခြားငွေလဲလှယ်နှုန်းကလည်း ပြင်ပဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၈၉၀ နဲ့ ၂၈၃၀ ကျပ်အကြားမှာ အရောင်းအဝယ် ရှိနေပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ပေးထားတဲ့ ရည်ညွှန်းငွေလဲနှုန်းကတော့ အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013