
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ဩဂုတ် ၈ ရက်က ကမ်းဝေး ဝါတန်းငါးဖမ်းလှေသုံးစီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆ ဦးအထိ ရှိလာတယ်လို့ မြို့ကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ဝါတန်းလှေ မီးလောင်မှုကြောင့် ရေထဲပြုတ်ကျ မျောပါနေတဲ့ အမျိုးသားအလောင်းတလောင်း ထပ်မံတွေ့ရှိတာကြောင့် သေဆုံးသူ စုစုပေါင်း ၆ ဦးအထိ ရှိလာတာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “တဦးကတော့ ပေါက်ကွဲမှုဖြစ်တုန်းက ရေထဲလွင့်စင်သွားပုံ ရတယ်။ သူ့ရဲ့အလောင်းကို အနီးအနားက ရေပြင်ထဲမှာ ပြန်ရှာတွေ့တယ်” လို့ ပြောပါတယ်။
မီးစလောင်တဲ့နေ့က သေဆုံးသူတဦးနဲ့ ထိခိုက်ဒဏ်ရာရသူ လေးဦးသာရှိခဲ့ပြီး ဩဂုတ် ၉ ရက်က မီးလောင်တဲ့နေရာမှာ ဆက်လက်ရှာဖွာတာတွေ ပြုလုပ်ခဲ့တာကြောင့် အမျိုးသားအလောင်း ၄ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံတံတားမှာ ဆိုက်ကပ်ထားတဲ့ ဦးစိုးလွင်ပိုင်ဆိုင်တဲ့ ဝါတန်းငါးဖမ်းလှေ ၅ စီးအနက် ထက်ထက်ပိုင် ၂၇ ဝါတန်းလှေက လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးလောင်မှုကြောင့် သေဆုံးသူတွေဟာ ကော့သောင်းမြို့ခံ ရေလုပ်သားတွေ အပါအဝင် တခြားမြို့တွေက လာရောက်လုပ်ကိုင်တဲ့ ရွှေ့ပြောင်းရေလုပ်သားတွေ ပါဝင်တယ်လို့ သိရပါတယ်။