
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဗန်းမော်၊ မံစီ၊ မိုးမောက်၊ ရွှေကူ မြို့နယ် ၄ မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လုံခြုံရေးအထူးသတိပြု သွားလာလှုပ်ရှားနေထိုင်ကြဖို့ သြဂုတ် ၄ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ လျှို့ဝှက်စာတစောင် ပေါက်ကြားလာတယ်လို့ ထွေအုပ်ဝန်ထမ်းတွေထံက သိရပါတယ်။
CRPH၊ NUG နဲ့ ပတ်သက်ဆက်သွယ်နေတဲ့ အဖွဲ့အစည်းတွေက အစိုးရဌာနဆိုင်ရာ အဆောက်အဦ၊ ပြည်သူပိုင်အဆောက်အဦတွေ၊ လမ်းတံတားတွေ၊ ဘုရားကျောင်းကန်တွေ မီးရှို့ဖျက်ဆီးတာ၊ ဗုံးခွဲတိုက်ခိုက်တာအပြင် နိုင်ငံ့ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လာလို့ ဗန်းမော်ခရိုင်အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေ ဌာနဆိုင်ရာဝန်ထမ်းတွေ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြဖို့ စစ်ကောင်စီရဲ့ ဗန်းမော်ခရိုင် ဒုညွှန်ကြားရေးမှူး သိန်းစိုး လက်မှတ်နဲ့ လျှို့ဝှက်စာ ထွက်ပေါ်နေတာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒေသခံ နိုင်ငံရေးသုံးသပ်သူတဦးက “စစ်ကောင်စီနဲ့ အပေါင်းပါတွေဟာ သူတို့ကိုယ်တိုင် အကြမ်းဖက်မှုတွေ ကျူးလွန်နေပြီး ပြည်သူက မခံရပ်နိုင်လွန်းလို့ တော်လှန်နေကြတာကို ပြည်သူကို ပြန်စော်ကားနေကြတယ်။ ပြည်သူတွေကို ဒုက္ခတွေ အကုန်ပေးထားပြီး တော်လှန်ရေးအားလျော့အောင် လုပ်နေတာ။ ပြည်သူရဲ့စိတ်ထဲကို အမုန်းတရားနဲ့ မကျေနပ်မှုတွေ၊ တန်ပြန်မှုတွေကို သူတို့ပဲ ဖြစ်အောင်လုပ်ခဲ့ကြတာ။ သူတို့ကို ကမ္ဘာမကြေပါဘူး။ ကျနော်တို့ပြည်သူအများစုကတော့ CRPH နဲ့ NUG၊ PDF တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေကြတဲ့ အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်မတော်တွေကို ယုံကြည်လေးစားပါတယ်”လို့ ပြောပါတယ်။
ဗန်းမော်ခရိုင်အတွင်းရှိ ရွှေကူမြို့နယ်နဲ့ ကသာလမ်းတလျှောက်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး သြဂုတ် ၁၀ ရက်ကလည်း ဗန်းမော်ရှိ ခရိုင်စုပေါင်းရုံးနဲ့ နေရာတချို့မှာ မိုင်းကွဲမှု ၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။
အဆိုပါ ပေါက်ကွဲမှုတွေကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝန်ထမ်းတွေရဲ့ ဆိုင်ကယ်အစီး ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။