Home
မြန်မာသတင်း
စစ်ကိုင်းတွင် စစ်ကောင်စီတပ်၏ လောင်စာဆီတင်ကားများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 12, 2022

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လောင်စာဆီတင်ဆောင်လာတဲ့ ဆီဘောက်ဆာကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထုတ်ပြန်ကြေညာပါတယ်။

ဩဂုတ် ၁၀ ရက် ညနေ ၄ နာရီက စစ်ကိုင်း စစ်ကောင်စီတပ်မ ၃၃ ကနေ  ရွှေဘိုဘက်ကို  ထွက်ခွာလာတဲ့ ဆီဘောက်ဆာကား ၄ စီး၊ ခြောက်ဘီးကားတစီးနဲ့ ၁၂ ဘီးကားတစီး ပါဝင်တဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝက်လက်မြို့နယ်၊ စိုင်နိုင်ဂွေ့တောင်ဘက်ကစပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Shwe Bo Defense Force (SBDF) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို မဟာမိတ်တပ်ဖွဲ့ ၅ ဖွဲ့မှ တဖွဲ့ပြီးတဖွဲ့ မိုင်းပဒေသာ အလုံး ၁၀၀ လောက် အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်က ကရိန်းကားတစီးနဲ့ ရောက်ရှိလာပြီး ထိခိုက်ပျက်စီးမှုတွေ၊ သေဆုံးမှုတွေနဲ့ မိုင်းတွေကို ရှင်းလင်းခဲ့ကြတယ်လို့ သိရပါတယ်။

မန္တလေး-ရွှေဘို-မြစ်ကြီးနား စတဲ့လမ်းမကြီးတွေပေါ်မှာ SBDF မိုင်းအဖွဲ့တွေနဲ့ မဟာမိတ်အဖွဲ့တွေ လှုပ်ရှားနေပြီး ပြည်သူတွေအနေနဲ့ ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း သွားလာတာတွေ မပြုကြဖို့၊ ကားတွေကို မှန်ချမောင်းကြဖို့၊ စစ်ကားတွေနဲ့ ဝေးဝေးနေကြဖို့ Shwe Bo Defense Force (SBDF) က အထူးမေတ္တာရပ် ခံပန်ကြားထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၂၃၊ တပ်ခွဲ ၁ နဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ Ghost Rider Special Task Force ပြောက်ကျားတပ်ဖွဲ့၊ သိဒ္ဓိရှင် တိုက်နယ် (ပကဖ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ Shwe Bo Defence Force (SBDF) ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ စစ်ကိုင်းမှ မုံရွာဘက်ကိုလာတဲ့ ရဲအရာရှိကြီးတယောက်ရဲ့ ကိုယ်ပိုင်ကားနဲ့ လေယာဥ်ဆီတွေ တင်ဆောင်လာတဲ့ ထောက်ပို့ကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၁၀ ရက်က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၀ ရက် ညနေ ၄ နာရီမှာ မြင်းမူမြို့နယ် ကန်ဖျားဇရပ်နဲ့ ထီးဆောင်းကြားမှာ ရဲတပ်ဖွဲ့မှ ရာထူးကြီးသူတယောက် လိုက်ပါလာတဲ့ ကားတစီးကို မိုင်း ၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Moe Nyo Revolution Force ကနေ သိရပါတယ်။

ဩဂုတ် ၁၀ ရက် ညနေ ၅ နာရီ ၁၅ မိနစ်မှာ မြင်းမူမြို့နယ် ကန်ဖျားဇရပ်နဲ့ ထီးဆောင်းကြားမှာ လေယာဥ်ဆီတွေ တင်လာတဲ့ ထောက်ပို့ကား ၂ စီးကို မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ People’s Guerillas Commando – Myinmu နဲ့ PEOPLE REVOLUTION FORCE P.R.F ညီနောင်လေးဖွဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024