
မွန်ပြည်နယ်၊ ရေးမြို့နယ်က ကလေးအထူးကုဆရာဝန်နဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန် ဇနီးမောင်နှံနေအိမ်ကို အမည်မသိ သေနတ်သမားတွေက ဝင်ရောက်ရှာဖွေခဲ့ပြီး ငွေကြေးတွေ ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုမဖြစ်ပွားခင် ဩဂုတ် ၃ ရက်က ရေးမြို့နယ် လဝကရုံးမှာ ရေးဘီလူးအဖွဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့အပြီး အဲဒီညမှာပဲ ကလေးအထူးကုဆရာဝန်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ခေါ်သွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က ကလေးအထူးကုဆရာဝန်ကို စစ်ကြောရေးခေါ်သွားပြီး ၂ ရက်အကြာမှာပဲ ပြန်လည်လွှတ်ပေးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီဆရာဝန်မိသားစု နေအိမ်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်စစ်ဆေးဖို့ဆိုပြီး အိမ်တံခါးတွေကို အတင်းဖျက် ရောက်လာခဲ့တာလို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။
အမည်မသိ သေနတ်သမားတွေက အိမ်တံခါးကို ညပိုင်းဝင်ဖျက်နေတဲ့အချိန် အိမ်ရှင်ဆရာဝန် မိသားစုက ရဲစခန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဆီ ဖုန်းဆက်ခဲ့ပေမဲ့ ဘယ်သူမှ ရောက်မလာဘဲ အဲဒီ လက်နက်ကိုင်ထားတဲ့သူတွေက ငွေကျပ် သိန်း ၅၀ လောက် ယူသွားတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
အဲဒီလို လက်နက်ကိုင်ပြီး ငွေကြေးယူသွားတဲ့အဖွဲ့က စစ်ကောင်စီဘက်ကလူတွေ ဖြစ်ပေမဲ့ ဆရာဝန်မိသားစုက ခြိမ်းခြောက်ခံထားရပြီး လုံခြုံရေးအခြေအနေအရ ဘေးပတ်ဝန်းကျင်ကို ထုတ်မပြောပြတာ ဖြစ်တယ်လို့ ဆရာဝန်မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်တွေ ဖြစ်ပွားပြီးတဲ့နောက် ဆရာဝန်မိသားစုက စိုးရိမ်ပြီး နေအိမ်ကနေ ထွက်ခွာသွားလို့ ရေးမြို့နယ်ထဲက ကလေးတွေအတွက် ကျန်းမာရေးပြသဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ ကလေးမိဘတွေက ပြောပါတယ်။
ရေးမြို့နယ်ထဲမှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့ ညပိုင်း အခုလို အမည်မသိ လက်နက်ကိုင်တွေက နေအိမ်ထဲကနေ ပိုက်ဆံယူသွားတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။