DVB Logo
Home
မြန်မာသတင်း
ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်ခံရ
DVB
·
August 11, 2022
ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဦးဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်ခံရ
1 / 2
Donate to DVB

ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကိုဟာ ဒီကနေ့ သြဂုတ် ၁၁ ရက်မှာ ဖယ်ခုံမြို့က ပြောင်းခြံသွားစဉ် သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ဒီကနေ့မနက် ၁၀ နာရီလောက်က ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းက သူ့ပြောင်းခြံကို သွားနေချိန်မှာ ဆိုင်ကယ်စီးလာတဲ့လူနှစ်ဦးက သေနတ်နဲ့ လုပ်ကြံသွားတာလို့ ဆိုပါတယ်။

ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကိုဟာ အရင်က ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ပါတီက အနားယူခဲ့ပြီး ဖယ်ခုံမြို့နယ် ပါတီနာယက အနေနဲ့ပဲ နေထိုင်ခဲ့ပါတယ်။

လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်လာရင်တော့ ကယန်းလူမျိုးအများစုက လေးစားသူဖြစ်ပြီး သူ့ကို ကယန်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဋ္ဌ ရွေးချယ်ထားတာလို့ ကယန်းလူမျိုးတဦးက ပြောပါတယ်။

“သူက ကြံ့ခိုင်ရေးဆိုပေမဲ့ လူမျိုးရေး၊ ဘာသာရေးမှာ အားလုံးက လေးစားကြတယ်။”

ဒါ့အပြင် သူဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူ ဖြစ်သလို တော်လှန်ရေး အဖွဲ့အစည်းနဲ့ စစ်ဘေးရှောင်တွေကိုလည်း ကူညီပေးသူဖြစ်တယ်လို့ နောက်ထပ် ကယန်းလူငယ် စစ်ဘေးရှောင်ကူညီသူတဦးက ပြောပါတယ်။

ဦးဖရန်စစ္စကို ကို ဘယ်သူက လုပ်ကြံသတ်ဖြတ်သွားလဲဆိုတာ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်ကတော့ သူ့ဆရာဖြစ်သူ ကယန်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဋ္ဌ ခွန်းဖရန်စစ္စကို လုပ်ကြံခံရတဲ့အပေါ် တုန်လှုပ်ကြေကွဲရကြောင်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

“ဒီနေ့ မထင်မှတ်ဘဲ သတင်းဆိုးတခုကြားရလို့ အင်မတန် တုန်လှုပ်ကြေကွဲရပါတယ်။ ဒီသတင်းဟာ ကျနော့်ဆရာ ဖရန်းစစ္စကို လုပ်ကြံခံရလို့ ဆုံးသွားပြီဆိုတဲ့ သတင်းပဲ။ ဆရာနဲ့ အရင်နှစ် နောက်ဆုံးပြောခဲ့တဲ့စကားက ဆရာနဲ့ မင်းနဲ့ နိုင်ငံရေးခံယူချက်၊ အတွေးအခေါ်၊ အယူအဆ၊ အမြင်တွေ ကွဲလွဲရင် ကွဲလွဲလိမ့်မယ်။ ဒါပေမဲ့ ကယန်းအမျိုးသားရေးမှာတော့ အတူလက်တွဲ လုပ်ဆောင်ရအောင်လို့ ဆရာက ပြောခဲ့တယ်။ ဆရာ့ရဲ့စကားကို ကျနော် အမြဲအမှတ်ရနေပါတယ်။ လက်ရှိမှာ ဆရာကို့ဟာ ကျနော်တို့ ကယန်းစာပေနဲ့ ယဉ်ကျေးမှုဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ မထင်မှတ်ဘဲ ဆရာရဲ့ ဒီလို ရုတ်တရက် ကျနော်တို့နဲ့ ထာဝရခွဲခွာသွားတာဟာ ကယန်းတမျိုးသားလုံးရဲ့ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတခု ဖြစ်ပါတယ်။ မိသားစုနှင့်အတူ ကျနော်တို့ ကယန်းတမျိုးသားလုံး ဝမ်းနည်းကြေကွဲရပါတယ်။”

ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီကလည်း ကော်မတီဥက္ကဋ္ဌ ဦးဖရန်စစ္စကို ကို အမည်မသိ လူ ၂ ဦးက ရက်ရက်စက်စက် သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဦးဖရန်စစ္စကိုဟာ ကယန်း လူမျိုးရေး၊ စာပေနဲ့ ယဉ်ကျေးမှုအရေးကို တက်တက်ကြွကြွ ပါဝင် ဦးဆောင်ပေးရုံမက ပညာရေး၊ လူမှုရေး၊ ဘာသာရေး လုပ်ငန်းတွေကိုလည်း အမြဲပံ့ပိုးကူညီသူ ဖြစ်တယ်ဆိုတာ အားလုံးအသိဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအရှုပ်အထွေးကာလမှာ ကယန်းစာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဖန်းစစ္စကို ကို လုပ်ကြံသတ်ဖြတ်တာဟာ မှန်ကန်တဲ့ ပြဿနာဖြေရှင်းနည်း မဟုတ်တဲ့အပြင် ကယန်းစာပေနဲ့ ယဉ်ကျေးမှု၊ ကယန်းလူမျိုးအတွက် များစွာ ထိခိုက်နစ်နာ ဆုံးရှုံးရတဲ့အတွက် ဒီဖြစ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013