
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ သြဂုတ် ၁၀ ရက် ညပိုင်း ၉ နာရီကျော်လောက်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ဒေသခံ ၂ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြောင်းပြာကျေးရွာက အသက် ၇၀ ကျော်အရွယ် ဒေါ်အောင်ကြည်နဲ့ အသက် ၃၀ ကျော်အရွယ် မသန္တာထွန်းတို့ဟာ နေအိမ်အတွင်းရှိနေစဥ် လက်နက်ကြီးစ ထိမှန်ခံခဲ့ရပြီး ဒေါ်အောင်ကြည်ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့သလို အိမ်မွေးနွား ၄ ကောင်လည်း လက်နက်ကြီးစ ထိမှန်ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို ပစ်ခတ်တာတွေ လုပ်ဆောင်တဲ့အဖွဲ့ဟာ ယင်းမာပင်မြို့အတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြောင်းပြာကျေးရွာထဲကို လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်းနဲ့ ၂ လုံးက အိမ်ခေါင်မိုးတွေပေါ်ကျကာ ကျန် ၂ လုံးကတော့ လမ်းတွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ တစုံတရာ အကြောင်းမရှိဘဲ ယင်းမာပင်မြို့တွင်းကနေ တခြားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာနေ ပြည်သူတွေလည်း ညတွင်းချင်း ကြောက်လန့်တကြီး ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို လက်နက်ကြီးတွေနဲ့ ရမ်းကားလျှောက်ပစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို သြဂုတ် ၁၁ ရက် မနက် ၃ နာရီကျော်လောက်မှာ ဒေသခံ PDF အဖွဲ့တွေက အဝေးပစ်လက်နက်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ယင်းမာပင်မြို့တွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သြဂုတ် ၈ ရက် ညပိုင်းကလည်း ကျေးရွာတွေဘက်ကို အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လုပ်ဆောင်ခဲ့တာ ရှိသလို အရင်ကလည်း အဲဒီလိုပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ဖူးပြီး အပြစ်မဲ့ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိခဲ့ပါတယ်။