ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ကျေးရွာတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်သွားလာနေကြတာကြောင့် ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ဩဂုတ် ၉ ရက်ကတည်းက ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာနဲ့ ဘုရားပေါင်းကျေးရွာတွေကို ဝင်ရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံတချို့ကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ တောင်ပေါက်ကျေးရွာသားတဦးက ပြောပါတယ်။
“ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတချို့ကို မေးမြန်းခဲ့တာတွေရှိတယ်။ နောက်ပြီး ရွာကို အေအေတပ်ဖွဲ့ဝင်တွေ ရောက်ဖြစ်လား၊ ထောက်ပံ့ကြေးတွေ ပေးကြလားဆိုပြီး မေးတာတွေ ရှိတယ်။ ရွာက အသက်အရွယ်ငယ်ကြသေးတဲ့ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကတော့ စစ်သားတွေ လာလို့ တိမ်းရှောင်နေကြရတယ်။”
စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၉ ရက်က ဘုရားပေါင်းကျေးရွာက ရွာသစ်ဘုန်းကြီးကျောင်းမှာ တစ်ည အိပ်ခဲ့ကြပြီး ဩဂုတ် ၁၀ ရက်က ပီကောက်ဝ၊ သင်္ဂနက် ကျေးရွာဘက်ကို ဆက်ချီတက်ခဲ့ကြတာကြောင်း အဲဒီကျေးရွာတွေက ဒေသခံတွေလည်း တိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် မဟာမုနိဘုရားမှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဩဂုတ် ၉ ရက်ည ၇ နာရီခွဲလောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေကို ပစ်ခတ်ပြီး ပြည်သူတွေတွေ ဝါတွင်းကာလမှာ ဘုရားသွားလာလို့မရအောင် ပြုလုပ်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ ဒီအတိုင်း ပစ်နေကြတာ။ သူတို့က အဲဒီလိုပစ်နေတော့ ဝါတွင်းကာလ ဥပုသ်လာမယ့်သူတွေလည်း မလာရဲကြတော့ဘူး။ အဲဒီစစ်သားတွေကို ပြည်သူတွေကို အလိုလို ကြောက်လန့်အောင် လုပ်နေကြတာဖြစ်တယ်။”
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက အင်အားတိုးချဲ့တာတွေ၊ စစ်ဆေးရေးဂိတ်တွေပြုလုပ်ပြီး ကုန်းကြောင်း၊ ရေကြောင်းလမ်းတွေကို တင်းကျပ်စစ်ဆေးနေပါတယ်။