Home
မြန်မာသတင်း
ကံပေါက်-သာကေတ ပိုက်လိုင်းနှင့် MOGE ရုံးခွဲ မိုင်းခွဲတိုက်ခိုက်ခံရ
DVB
·
August 11, 2022

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးခွဲနဲ့ ကံပေါက်-သာကေတ ပိုက်လိုင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကံပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (KBDF) နဲ့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF) တို့က ထုတ်ပြန်ပါတယ်။

သြဂုတ် ၉ ရက်မှာ စစ်တပ်အစုရှယ်ယာပါတဲ့ မြိုင်ကလေး ဘိလပ်မြေစက်ရုံသို့ ပို့ဆောင်တဲ့ ကံပေါက်-သာကေတ ပိုက်လိုင်းကို မနက် ၅ နာရီမှာ အိန္ဒရာဇာရွာနဲ့ ဆင်ကူးရွာအကြားမှာ တကြိမ်၊ မနက် ၈ နာရီမှာ စိန်ဘုံရွာနဲ့ နတ်ကြီးစင်ရွာအကြားမှာ တကြိမ် စုစုပေါင်း နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ် ၃ ရက်မနက်  ၃ နာရီလောက်မှာလည်း  ကံပေါက်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ ၂၇၃ အနီးမှာရှိတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းရဲ့ ကံပေါက်ရုံးခွဲကို အဆိုပါ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးပမာဏကို အတိအကျမသိရသလို စစ်ကောင်စီနဲ့ MOGE ဘက်ကလည်း တစုံတရာထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်တွေကတော့ သြဂုတ်လ ၃ ရက် နဲ့ ၄ ရက်တွေမှာ အုန်းပင်ကွင်းရွာက အိမ်တွေကို ဝင်စစ်တာနဲ့ လမ်းတွေမှာ ကင်းပုန်းဝပ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ဟာ စစ်အုပ်စုအတွက် ဝင်ငွေရရှိနေတဲ့ အဓိကလမ်းကြောင်း ဖြစ်တဲ့အတွက် အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ KBDF က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကလည်း ကလိန်အောင်မြို့ မယ်သီလရှင်တောင်ကြောမှာ ဇောတိကစီမံကိန်း ကုန်းတွင်းပိုင်းပိုက်လိုင်း ပေါက်ကွဲပျက်စီးခဲ့ပြီး ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က  သက်ဆိုင်မှုမရှိကြောင်း ငြင်းဆိုထားသလို ကုမ္ပဏီဘက်ကလည်း ဓာတ်ငွေ့ယိုစိမ့်မှုသာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024