DVB Logo
Home
မြန်မာသတင်း
ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီက ကန်ဒေါ်လာ ၁၀ သန်းကျော်ရှိလုပ်ငန်းခွဲကို MAI ထံ ရောင်းချ
DVB
·
August 10, 2022
ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီက ကန်ဒေါ်လာ ၁၀ သန်းကျော်ရှိလုပ်ငန်းခွဲကို MAI ထံ ရောင်းချ
Donate to DVB

သြစတြေးလျ စတော့အိတ်ချိန်းမှာ မှတ်ပုံတင်ထားတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်း Mallee Resources ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်တန်ဖိုးရှိတဲ့ လုပ်ငန်းခွဲကို မြန်မာခရိုနီပိုင် MAI လေကြောင်းလိုင်းကုမ္ပဏီထံ ရောင်းချလိုက်တယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

လွှဲပြောင်းရောင်းချတဲ့နေရာမှာ မြန်မာခရိုနီပိုင် MAI လေကြောင်းလိုင်းကုမ္ပဏီအနေနဲ့ Mallee Resources ကုမ္ပဏီအား တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းကို ၆ လအတွင်း ပေးချေရမှာပါ။ ဒီ့အပြင် Mallee Resources ကုမ္ပဏီဟာ ဘော်တွင်းသတ္တုတူးဖော်ရေး စီမံကိန်းရှိ  အစုရှယ်ယာတွေကို Asia World လုပ်ငန်းစုပိုင် Win Myint Mo Industries ကုမ္ပဏီထံ ရောင်းချရာမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၆ သန်း ရရှိခဲ့ပါသေးတယ်။

MAI လေကြောင်းလိုင်းကုမ္ပဏီဟာ ယခင်က အစိုးရပိုင်လုပ်ငန်း ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခရိုနီစီပွားရေးလုပ်ငန်းစု ဖြစ်တဲ့ 24 Hour Group က အပြည့်အဝ ပိုင်ဆိုင်ထားတာပါ။ ဒီစီးပွားရေးလုပ်ငန်းစုဟာ စစ်ကောင်စီအတွက် အဓိက စီးပွားရေး မိတ်ဖက်တဦးလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် စစ်ကောင်စီခေါင်းဆောင်တွေဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်လက်နက် ဝယ်ယူရေးအတွက် ဆွေးနွေးခဲ့ကြတဲ့ ရုရှားခရီးစဉ် အပါအဝင် နိုင်ငံတကာခရီးစဉ်တွေဆီ သွားရောက်ရာမှာ MAI လေကြောင်းအား အသုံးပြုနေတာပါ။

လက်ရှိမှာလည်း ရုရှားအစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ဟာ ရန်ကုန်နဲ့ မော်စကိုမြို့အကြား ခရီးသည်နဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် တိုက်ရိုက်ပျံသန်းဖို့ စီစဉ်နေတာရှိပါတယ်။ ဒီအစီအစဉ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ဖြစ်ပြီး နောက်ဆက်တွဲက စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်လက်နက်ဝယ်ယူရေးမှာ အထောက်အကူပြုဖို့အတွက်လည်း ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ထုတ်လုပ်ရေးရှယ်ယာလုပ်ငန်းအတွက် စာချုပ်တွေ ချုပ်ဆိုထားတဲ့ ထုံးကျောက်နဲ့ ကျောက်မီးသွေးအကြီးစား တူးဖော်မှု အပါအဝင် စစ်တွေကမ်းနားလမ်း ဖော်ဆောင်ရေး လုပ်ငန်းတွေကို ခရိုနီလုပ်ငန်းစုဖြစ်တဲ့ 24 Hour Group ကုမ္ပဏီအား လုပ်ပိုင်ခွင့် ပေးထားတာပါ။

ဒါကြောင့် သြစတြေးလျ အစိုးရအနေနဲ့ လွှဲပြောင်းဖို့ကြိုးပမ်းနေတဲ့ အဆိုပါ ငွေကြေးတွေရဲ့ မူလ လားရာ ရင်းမြစ်နဲ့ ငွေကြေး လွှဲပြောင်းမှုတို့ကို အရေးတကြီး စုံစမ်းစစ်ဆေးပေးဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီကို ပံ့ပိုးကူညီမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ မြန်မာခရိုနီလုပ်ငန်းစုပိုင် 24 Hour Group ကုမ္ပဏီအား ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ပြီး အရေးယူမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့လည်း မြန်မာစစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ အပါအဝင် ခရိုနီတွေနဲ့ ပါဝင်ပတ်သတ်နေတဲ့ မှောင်ခိုငွေကြေး စီးဆင်းမှု၊ အကျင့်ပျက်ခြစားမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် သတိကြီးစွာထားပြီး စောင့်ကြည့်ပေးကြဖို့ Justice For Myanmar က ထောက်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ဆက်ဆံမှုတွေရှိနေတဲ့ Min Myint Mo Resources အပါအဝင် MAI လေကြောင်းလိုင်းကုမ္ပဏီနဲ့ Mallee Resources ကုမ္ပဏီတွေရဲ့ အရောင်းအဝယ် စီးပွားရေးလုပ်ငန်းတွေဟာ ငွေကြေးခဝါချမှုဆိုင်ရာ အန္တရာယ်ရှိတဲ့အတွက် အနီရောင်အဆင့်သတ်မှတ်ပြီး စုံစမ်းစစ်ဆေးဖို့ လိုပါတယ်။

စစ်ကောင်စီဟာ သူနဲ့နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင်တွေမှတဆင့် နိုင်ငံတကာ ကွန်ရက်တခုကနေ ဝင်ငွေတွေကို ဆက်ပြီး ရရှိနေတာဖြစ်လို့ အဲဒီဆက်နွှယ်မှုကို မဖြစ်မနေ ဖြတ်တောက်ဖို့ လိုတဲ့ အတွက်ကြောင့် မြန်မာစစ်ကောင်စီကို ပံ့ပိုးကူညီပေးနေတဲ့ 24 Hour Group ကုမ္ပဏီ အပါအဝင် တခြားစီးပွားရေးလုပ်ငန်းအားလုံးကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013