ကားတစီးထက် ပေါ့ပါးတဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဆွစ်ဇာလန်နိုင်ငံမှာ ပြသ

နောက်ဆုံးထုတ် ဘိုးရင်း ၇၄၇ လေယာဉ်တွေထက် အတောင်ပံပိုရှည်ပြီး ကားတစီးထက် ပေါ့ပါးတဲ့ နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို ဧပြီ ၁၀ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဆင့်အမြင့်ဆုံးနည်းပညာတွေ အသုံးပြုထားတဲ့ Solar Impulse 2 လေယာဉ်ကို ၁၂ နှစ်ကြာ သုတေသနပြု၊ စမ်းသပ်မှုတွေ အမျိုးမျိုးပြုလုပ်ပြီး တည်ဆောက်ခဲ့တာဖြစ်ပြီး လောင်စာဆီ လုံးဝမသုံးတဲ့ ဆိုလာလေယာဉ် ဖြစ်ပါတယ်။ Solor Planeဆိုလာဆဲလ် ၁၇၀၀၀ က လေယာဉ်အတွက် လိုအပ်တဲ့စွမ်းအင်ကို ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ကမ္ဘာ ၁ ပတ်ပတ်ဖို့ ၅ ရက်၊ ၅ ည ဆက်တိုက်ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ ဒီလေယာဉ်က နေရောင်ခြည်စွမ်းအင်ကို ဘယ်လို အသက်သာဆုံး သုံးမလဲဆိုတာကို စံပြ ထုတ်လုပ်ထားပါတယ်။ လျှပ်စစ်စားနှုန်း အသက်သာဆုံး ပစ္စည်းတွေကိုပဲ သုံးထားပါတယ်။ အကောင်းဆုံးဘက်ထရီနဲ့ အပေါ့ပါးဆုံးလေယာဉ်ကိုယ်ထည်ကို သုံးစွဲထားပါတယ်လို့ တီထွင်သူ တဦးဖြစ်တဲ့ ဘာထရမ် ပစ်ကတ်ဒ် (Bertrand Piccard) က ဆိုပါတယ်။ စမ်းသပ်ပျံသန်းမှုတွေ အောင်မြင်ရင် အာရေဗျပင်လယ်ကနေ ခရီးစတင်ပြီး၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ အမေရိကန်နိုင်ငံနဲ့ သမုဒ္ဒရာ ၂ စင်းကို ဖြတ်ပြီး ကမ္ဘာ ၁ ပတ်ပတ်မှာ ဖြစ်ပါတယ်။ အခုလေယာဉ်အသစ်ရဲ့ အားသာချက်က အချိန်အကြာကြီး မရပ်မနားပျံသန်းနိုင်တယ် ဆိုပေမဲ့ ပြဿနာက ရာသီဥတုအပြောင်းအလဲကို ရင်ဆိုင်နိုင်ဖို့ပါ။ အဲဒီစိန်ခေါ်မှုကို ကျနော်တို့ ရင်ဆိုင်ဖြေရှင်းရပါဦးမယ်လို့ တွဲဖက်တီထွင်သူ အန်ဒရေဒ ဘော့်ခ်ျဘတ်ခ်ျ (Andre Borschberg) က ဆိုပါတယ်။ အခုလေယာဉ်ရဲ့ ပထမမျိုးဆက်တုန်းကတော့ ဆွစ်ဇာလန်နိုင်ငံကနေ မော်ရိုကိုနိုင်ငံနဲ့ စပိန်နိုင်ငံကို ဖြတ်ပြီး ၂၀၁၂ ခုနှစ်က ပျံသန်းခဲ့ပါတယ်။ ဒီ ဆိုလာလေယာဉ်ရဲ့ စမ်းသပ်ပျံသန်းမှုတွေကို အခုလာမယ့် မေလမှာ ပြုလုပ်မှာ ဖြစ်ပြီး ကမ္ဘာပတ် ပျံသန်းမှုအစီအစဉ်ကိုတော့ ၂၀၁၅ မတ်လမှာ စီစဉ်ထားပါတယ်။

//
More News
Up