ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းမှာရှိတဲ့ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်တွေကို သတ်မှတ်တဲ့ဒဏ်ကြေး ပေးဆောင်စေပြီး သြဂုတ် ၁၀ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ ဒေသအမှတ်သကေတ SHN နဲ့ မှတ်ပုံတင်ဆောင်ရွက်ပေးနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်တစီးကို စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနမှာ ၃၀,၉၀၀ ကျပ်၊ အာမခံလုပ်ငန်းအတွက် မော်တော်ဆိုင်ကယ် ၂ နှစ်စာ ၄,၁၅၀ ကျပ်၊ လျှပ်စစ်ဆိုင်ကယ် ၄ နှစ်စာ ၈,၁၅၀ ကျပ်၊ မြန်မာ့စီးပွားရေးဘဏ်ကို ၅၀၀ ကျပ် ပေးသွင်းရမယ့်အပြင် ထုတ်လုပ်တဲ့ခုနှစ်နဲ့ အင်ဂျင်ပါဝါအလိုက် အကောက်ခွန်ဌာနက သတ်မှတ်တဲ့ဒဏ်ကြေးငွေ ပေးဆောင်ရမယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုင်းနိုင်ငံနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ တရားမဝင် တင်သွားတဲ့ မော်တော်ကားတွေအပြင် တရုတ်နိုင်ငံနေ မှောင်ခိုတင်သွင်းတဲ့ မော်တော်ဆိုင်ကယ်နဲ့ စက်တပ်ယာဥ်တွေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။
အဲ့ဒီလို တရားမဝင်တင်သွင်းတဲ့ မော်တော်ကားတွေနဲ့ ဆိုင်ကယ်တွေကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အပါအဝင် လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ အများဆုံး စီးနင်းနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်တွေကို ဒဏ်ကြေးဆောင်ပြီး မှတ်ပုံတင်ဖို့ ထုတ်ပြန်တာဟာ လားရှိုးမှာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။