Home
မြန်မာသတင်း
နေပြည်တော် သမ္မတအိမ်တော်ဝင်းအတွင်းရှိ အဆောက်အဦအချို့ ပြင်ဆင်မွမ်းမံနေ
DVB
·
August 10, 2022

နေပြည်တော် သမ္မတအိမ်တော်ဝင်းအတွင်းရှိ အဆောက်အဦတချို့ကို ပြင်ဆင်မွမ်းမံတာ၊ ဧည့်တွေ့ဆောင်အသစ် ဆောက်နေတာအပြင် ဗိုလ်ရှုသဘင် အဆောက်အဦကိုပါ ပြင်ဆင်မွမ်းမံနေတယ်လို့ အာဏာသိမ်းစစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတဦးက “အိမ်တော်ထဲက အဆောက်အဦတခုကို ပုံမှန်ပြင်ဆင်တာမျိုး မဟုတ်ဘဲ သေချာပြင်ဆင်မွမ်းမံနေတယ်။ အဲဒီအဆောက်အဦမှာ ခု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နေမယ်လို့ ပြောနေကြတယ်။ ပြီးတော့ ရှိပြီးသား ဧည့်တွေ့ဆောင်တွေအပြင် နောက်ထပ် ဧည့်တွေ့ဆောင်တခုလည်း အသစ်ထပ်ဆောက်နေတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သမ္မတအိမ်တော်အနီးမှာရှိပြီး ဦးသိန်းစိန်လက်ထက်မှာ ဆောက်လုပ်ခဲ့တဲ့ ဗိုလ်ရှုခံ အဆာက်အဦကိုလည်း ပြင်ဆင်မွမ်းမံတာတွေ ပြုလုပ်နေတယ်လို့ အဆိုပါနီးစပ်သူက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်အတွင်းမှာ အဆိုပါ ဗိုလ်ရှုခံအဆောက်အဦမှာပဲ ဗိုလ်ရှုခံအခမ်းအနားကို ကျပ်ဘီလီယံများစွာ သုံးစွဲပြီး ပြုလုပ်ခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီး သမ္မတအိမ်တော်မှာ နေထိုင်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးတရားစွဲဆိုကာ လက်ရှိအချိန်ထိ ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိရသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ပြောဆိုတာ မရှိခဲ့ပါဘူး။

ဦးဝင်းမြင့်ဟာ ၂၀၁၈ ခုနှစ် ဧပြီ ၆ ရက်နေ့မှာ နိုင်ငံတော်သမ္မတရာထူးကို စတင်ထမ်းဆောင်တဲ့ အထိမ်းအမှတ် ဧည့်ခံပွဲကို အိမ်တော်ဝင်းအတွင်းရှိ မြက်ခင်းပြင်မှာ ပြုလုပ်ခဲ့ပြီး အဆိုပါဧည့်ခံပွဲကို လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024