မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၆၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း အယောက် ၁၅,၀၆၄ ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၈ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၉၆၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၃၇၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေတွက်ကတော့ ၈၁ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၀၇၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်းပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၀၉ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတဦးကို မတွေ့တာကြောင့် သူ့ရဲ့ဖခင်ဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရပ်ကျေးအတွင်းရေးမှူး ဦးလှဖေနဲ့ ဇနီး၊ ချွေးမတို့ကို ဓားစာခံအဖြစ် အကြမ်းဖက်စစ်အုပ်စုတပ်က ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဩဂုတ် ၅ ရက်ကလည်း အကြမ်းဖက်စစ်အုပ်စုရဲ့ ဖယ်ခုံမြို့အခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) မှ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်က ဖယ်ခုံမြို့နယ်၊ ဆင်ဖြူကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၀ အရွယ် ဦးဘန့်မှာ နေရာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဦးဘန့်ဟာ ဇနီးဖြစ်သူ သေဆုံးသွားတာကြောင့် နေအိမ်မှာ နာရေးပြုလုပ်နေချိန်မှာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။