၁၆ ပဲရည်ရွှေတကျပ်သားကို ပြင်ပပေါက်ဈေး ၂၂ သိန်းဝန်းကျင် ဖြစ်နေပြီး နေပြည်တော် ရွှေဈေးကွက်မှာ အရောင်းအဝယ်မရှိသလောက် ဖြစ်နေတယ်လို့ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
မြန်မာ့ရွှေဈေးဟာ ပြီးခဲ့တဲ့လတွေက စတင်ပြီး တစတစမြင့်တက်လာတာဟာ အခုဆိုရင် ၁၆ ပဲရည်တကျပ်သားကို ၂၂ သိန်းဝန်းကျင်အထိ ရောက်ရှိနေတာပါ။ ဒီဈေးတန်းနဲ့ ဝယ်လိုသူမရှိတဲ့အတွက် အရောင်းအဝယ်ဖြစ်ရုံလောက်သာရှိတယ်လို့ ဆိုပါတယ်။
“အမတို့ဆို လုံးလုံးကို မရောင်းရတော့ဘူး။ ဒီဈေးနဲ့က အဝယ်ကိုမရှိတာ။ အမတို့ဆီကို ပြန်လာပြီး ရောင်းတာလောက်ပဲရှိတယ်။ ဆိုင်ဖွင့်တယ်ဆိုတာပဲရှိတယ်။ တခါတလေဆို တနေကုန် အရောင်းအဝယ် မဖြစ်တယ်လည်းရှိတယ်” လို့ ပျဉ်းမနားမြို့က ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ရွှေအရောင်းအဝယ် မဖြစ်တဲ့အပြင် ပြင်ပပေါက်ဈေးမြင့်တက်နေတာကြောင့် လုံခြုံရေးအရ၊ ရွှေတွေကို ဆိုင်မှာ တချို့တဝက်သာ ခင်းကျင်းပြသနိုင်တော့တယ်လို့ ဆိုပါတယ်။
“အဲဒါက ကြာပါပြီ။ ဈေးတွေက တက်နေတော့ လုမှာကို ကြောက်ရတာရယ်၊ နိုင်ငံရေးအခြေအနေအရရယ် သိပ်ပြီးတင်မထားရဲတော့ဘူး။ တင်ထားလည်း တင်ထားတာပဲရှိတာပါ”လို့ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ စစစ အဖွဲ့က ရန်ကုန်မြို့မှာ ရွှေဈေးကွက်ကစားသူတွေလို့ ယူဆရသူတချို့ကို ဖမ်းဆီးမှုတွေ ရှိခဲ့ပြီးနောက်မှာတော့ ရွှေဈေးတက်နေခြင်း ရပ်တန့်နေပြီး အရောင်းအဝယ်တွေကတော့ အေးစက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။