ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း တိုးမြှင့်သတ်မှတ်လိုက်တာကြောင့် အိန္ဒိယကို အဓိက တင်ပို့နေတဲ့ မတ်ပဲ၊ ပဲစင်းငုံဈေးတွေ သိသိသာသာ မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်နေ့ဈေးနဲ့ယှဉ်ရင် မတ်ပဲက တတန်ကို ၁ သိန်းကျော်တက်လာပြီး ပဲစင်းငုံနီက တတန်ကို ၃ သိန်းကျော်ထိ မြင့်တက်လာတာပါ။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်တဲ့ ပြည်တွင်းပဲဈေးနှုန်းတွေအရ ဒီနေ့ မတ်ပဲ တတန်ကို ၁,၇၆၀,၀၀၀ ကျပ်၊ ပဲစဉ်းငုံ တတန်ကို ၁,၈၉၀,၀၀၀ ကျပ်ထိ ပေါက်ဈေးရှိပါတယ်။
လက်ရှိမှာ လက်ကျန်လျော့နည်းလာတဲ့ မတ်ပဲ၊ ပဲစဉ်းငုံတွေက အမြင့်ဈေးမှာ ရှိနေပေမဲ့ ဒေါ်လာငွေလဲနှုန်း အပြောင်းအလဲအပြီး လှုတ်ခတ်သွားတဲ့ ဈေးနှုန်းအခြေအနအပေါ် စောင့်ကြည့်နေကြတာကြောင့် အရောင်းအဝယ် နည်းပါးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း သတ်မှတ်ချက်ကို အရင် ၁၈၅၀ ကျပ် ကနေ ၂၁၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်ကြောင်း မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ပို့ကုန်တင်ပို့မှုကရရှိတဲ့ နိုင်ငံခြားငွေတွေထဲက ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေ မဖြစ်မနေလဲလှယ်စေပြီး ကျန် ၃၅ ရာခိုင်နှုန်းကို လက်ဝယ်ထားရှိခွင့် ပြုလိုက်ပါတယ်။
အရင်ကတော့ ပြင်ပဈေးကွက်မှာ ဒေါ်လာဈေး ၂၆၀၀ အထက် ရောက်ရှိနေချိန် ပို့ကုန်ရငွေတွေကို ဗဟိုဘဏ်သတ်မှတ်ဈေး ၁၈၅၀ နဲ့သာ တွက်ချက်ပြီး မဖြစ်မနေ လဲလှယ်ဖို့ သတ်မှတ် ထားတာကြောင့် ငွေလဲနှုန်းကွာဟချက်က ပို့ကုန်သီးနှံဈေးကွက်အပေါ် ထိခိုက်ရိုတ်ခတ်မှုတွေ ရှိခဲ့ပြီး ပို့ကုန်သီးနှံအချို့ ဈေးနှုန်းကျဆင်းမှုတွေ ရှိခဲ့ပါတယ်။
အခုအခါ မကြာသေးခင်က ပြောင်းလဲလိုက်တဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေး မူဝါဒတွေက ပို့ကုန်လုပ်ငန်းတွေအတွက် ဦးတည်တဲ့ဖြေလျှော့မှုတရပ်ဖြစ်ပြီး ကုန်သည်တွေက ပဲမျိုးစုံအပါအဝင် တင်ပို့မဲ့ ပို့ကုန်သီးနှံတွေအတွက် တောင်သူကို ဈေးနှုန်းတိုးမြှင့်ပေးပြီး ဝယ်ယူလာနိုင်မယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုထားကြပါတယ်။
မြန်မာ့မတ်ပဲနဲ့ ပဲစဉ်းငုံကို အဓိကဝယ်လက်နိုင်ငံ အိန္ဒိယက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အကုန်အထိ အကန့်အသတ်မဲ့ တင်သွင်းခွင့်ပေးထားပါတယ်။ အိန္ဒိယက G to G စနစ်နဲ့လည်း မတ်ပဲ တန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းကို ၅ နှစ်ဆက်တိုက်နှစ်စဉ် ဝယ်ယူသွားဖို့ရှိတာကြောင့် မြန်မာ့ပဲဈေးကွက်အလားအလာကောင်းပြီးတော့ အာမခံချက်ရှိ နိုင်တယ်လို့ ဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားကြတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပဲထွက်နှုန်းကျဆင်းနိုင်တယ်လို့လည်း ကုန်သည်တွေ ခန့်မှန်းထားကြပါတယ်။