
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတွေက ဩဂုတ် ၆ ရက်နေ့က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီး မအေးငယ်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အစိုးရအား အကြည်အညိုပျက်စေမယ့် မဟုတ်မမှန်သတင်းတွေနဲ့ PDF အဖွဲ့တွေအား ထောက်ခံအားပေးတဲ့ သတင်းတွေ ရေးသားဖြန့်ဝေတာကြောင့် ဖမ်းဆီးအရေးယူခဲ့တာဆိုပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေက ရေးသားထုတ်ပြန်ထားပါတယ်။
ဒေသခံအမျိုးသမီးကို စစ်ကောင်စီတပ်သားတွေက ကလေးမြို့ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ လတ်တလော စစ်ဆေးဖမ်းဆီးမှုတွေ များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀ ကျော်နဲ့ ပစ်သတ်ခံရသူ ၁၀၀ ကျော်ရှိပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။