Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ ရန်ကုန် ၆ မိုင်ခွဲ Inya View ရောင်းချမှု ၂ ရက်အတွင်း ဒေါ်လာ ၂ သိန်းခွဲကျော် ရရှိ
DVB
·
August 8, 2022

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ်ရောင်းချနိုင်ခဲ့အပြီးမှာ NUG အစိုးရက ၆ မိုင်ခွဲမှ Inya View နေရာကို ဒုတိယ ပရောဂျက်အနေနဲ့ ဩဂုတ် ၅ ရက်က စတင်ရောင်းချနေရာမှာ ၂ ရက်အတွင်း အစုရှယ်ယာ ၂၅၈၁ (ဒေါ်လာ ၂၅၈,၁၀၀ ဖိုး) ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ ဒုတိယ အစီအစဉ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲမှာ တည်ရှိတဲ့ နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

အခုရောင်းချမှုမှာတော့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၇ သန်းသာ တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ၈၈ တုန်းက အမြစ်မပြတ်ခဲ့လို့ ၂၀၂၁ မှာ တခါ ခေါင်းထောင်လာတဲ့ အာဏာရှင်စနစ်ကို၊ သူတို့ခေတ်မှာ အမြစ်ဖြတ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ စင်ကာပူနိုင်ငံကနေ 8888 အမည်နဲ့ ရှယ်ယာ ၈၈ စောင် ဝယ်ယူသူတဦးလည်း ပေါ်ထွက်လာခဲ့တယ်လို့ EOD က ဆိုပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပြီး EOD ရဲ့ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေဆီ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင် ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024