DVB Logo
Home
မြန်မာသတင်း
ဒေါ်လာငွေလဲနှုန်း တိုးမြှင့်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်
DVB
·
August 8, 2022
ဒေါ်လာငွေလဲနှုန်း တိုးမြှင့်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်
Donate to DVB

အသစ်တိုးမြှင့်သတ်မှတ်လိုက်တဲ့ ဒေါ်လာငွေလဲနှုန်း ၂၁၀၀ ကျပ်နဲ့ ဒီနေ့ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းတွေကို စတင်တွက်ချက်တာဖြစ်လို့ တလီတာကို ကျပ် ၂၀၀ကျော်  မြင့်တက်လာပါတယ်။

စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးက “ ဒီနေ့က ဒေါ်လာဈေး ၂၁၀၀ နဲ့ ဈေးစတွက်တယ်။ တလီတာကို ကျပ် ၂၀၀ ကျော် တက်တယ်။ တပေပါဆိုရင် ၄၅၀၀၀ ဝန်းကျင်တက်လာတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်က ပြည်တွင်းအမေရိကန်ဒေါ်လာငွေလဲနှုန်း သတ်မှတ်ချက်ကို  အရင် ၁၈၅၀ ကျပ် ပုံသေသတ်မှတ်ထားရာကနေ ၂၁၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ အဲဒီနှုန်းထားက ဒီနေ့ ဩဂုတ် ၈ ရက်နေ့မှာ စတင်အကျုံး၀င်မှာ ဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ အဲဒီနိုင်ငံခြားငွေကြေးမူဝါဒ အပြောင်းအလဲက ပို့ကုန်လုပ်ငန်းတွေအတွက် ဖြေလျှော့မှုတရပ် ဖြစ်နိုင်ပေမဲ့ အထွေထွေကုန်ဈေးနှုန်းတွေကိုတော့ ထပ်မံမြင့်တက်လာစေနိုင်တယ်လို့ စီးပွားရေး အကဲခတ်သူတွေက သုံးသပ်ကြပါတယ်။

“ဒေါ်လာဈေးမြှင့်လိုက်တာက ပို့ကုန်သမားတွေအတွက် အဆင်ပြေနိုင်တယ်။ ပို့ကုန်ကုန်စည်အတွက် တောင်သူကို ဈေးပိုပြီး ဝယ်လာနိုင်မယ်။ ဒါပေမဲ့  ကျန်တဲ့ကုန်ဈေးနှုန်းတွေကတော့ တက်လာမှာပဲ” လို့ စီးပွားရေး လုပ်ငန်းရှင်တဦးက မှတ်ချက်ပြုပါတယ်။

ဒီနေ့မှာပဲ ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ စတင်မြင့်တက်လာခဲ့တာကြောင့် နောက်ဆက်တွဲ အနေနဲ့  သယ်ယူပို့ဆောင်ခနှုန်းထားတွေ၊ ကုန်ထုတ်လုပ်မှုစရိတ်တွေကို မြင့်တက်လာစေပြီးတော့ အထွေထွေ ကုန်ဈေးနှုန်းတွေကိုလည်း လိုက်ပါမြင့်တက်လာစေမှာ ဖြစ်ပါတယ်။

မနေ့က ရန်ကုန်ဈေးကွက်မှာ အောက်တိန်း 92Ron တလီတာကို ၁၆၁၅ ကျပ်၊ အောက်တိန်း ၉၅ Ron တလီတာကို ၁၆၆၅ ကျပ်၊ ဒီဇယ်တလီတာကို ၁၉၇၀ ကျပ်၊ ပရီမီယမ် ဒီဇယ် တလီတာကို ၂၀၂၅ ကျပ် အသီးသီးရှိခဲ့ပြီး၊ ဒီကနေ့မှာ အောက်တိန်း 92 Ron တလီတာကို ၁၈၂၀ကျပ်၊ အောက်တိန်း 95Ron တလီတာကို ၁၈၈၀ ကျပ်၊ ဒီဇယ် တလီတာကို ၂၂၂၅ ကျပ်နဲ့ ပရီမီယမ် ဒီဇယ် တလီတာကို ၂၂၉၀ ထိ မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်၀ါရီက စတင်ကာ မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းနေရတဲ့ စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်ခဲ့တာပါ။

ပြည်တွင်းဈေးကွက်မှာ  ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်က အောက်တိန်း 92Ron တလီတာကို ၂၃၀၀ အထက်ထိ မြင့်တက်ခဲ့ပါတယ်။ 

အလားတူ အထွေထွေကုန်ဈေးနှုန်းတွေလည်း စစ်တပ်အာဏာသိမ်းမှု ဖြစ်စဥ်နောက်ပိုင်း တောက်လျှောက် မြင့်တက်နေတာပါ။ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေတဲ့ဒဏ်ကို လူထုက ခါးဆီးခံစားလာရတာ အချိန်ကာလအားဖြင့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013