
ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန်အပိုင်း ၃ ရှိ PMG ပုလင်းသန့်စင်စက်ရုံက အလုပ်သမားတွေ ရက်မှန်ကြေးရရှိရေးအတွက် သပိတ်မှောက် တောင်းဆိုတဲ့လှုပ်ရှားမှုကို ဩဂုတ် ၈ ရက် ဒီနေ့မနက်မှာ စတင်လိုက်ပါတယ်။
အဲဒီစက်ရုံက အလုပ်သမား ၃၈ ယောက်ဟာ ဒီနေ့မနက်ကစပြီး လုပ်ငန်းခွင်အတွင်း အလုပ်မလုပ်ဘဲ သပိတ်မှောက် တောင်းဆိုနေတာဖြစ်တယ်လို့ PMG အလုပ်သမားသမဂ္ဂ၊ ပုလင်းသန့်စင်ဌာန ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
“မနက်ကတော့ အလုပ်ရှင်ဘက်က ကိုယ်စားလှယ်တွေက သပိတ်မမှောက်ဖို့ လာပြောတယ်။ နယ်မြေခံအဖွဲ့ကဆိုတဲ့ အရပ်ဝတ်နဲ့ လူသုံးယောက်လည်း ပါတယ်။ သူတို့က တောင်းဆိုချက်မပေးနိုင်ဘူး ပြောတယ်။ ကျမတို့က မပေးရင် လုပ်စရာရှိတာ ဆက်လုပ်မှာပဲ။ သူတို့ကို အခုပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ အချိန်ကာလတခု ပြောပေး၊ အဲဒါဆို လက်ခံတယ် ပြောထားတာ။ နေ့လယ်ကျရင် အလုပ်သမားရုံးက ဦးစီးတွေ ထပ်လာဦးမယ် ပြောတယ်။”
အဲဒီစက်ရုံဟာ အရင်က ရက်မပျက်ဆင်းသူတွေကို လစာရဲ့ ၁၀ ရာခိုင်နှုန်းကို ရက်မှန်ကြေးအဖြစ် ပေးပြီး ကိုဗစ်-၁၉ ရောဂါစချိန်ကစပြီး ဆက်မပေးတော့တာလို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ အလုပ်သမားတွေက ရက်မှန်ကြေးပြန်ပေးဖို့တောင်းဆိုခဲ့တာကြောင့် ဇန်နဝါရီ တစ်လသာပေးပြီး နိုင်ငံရေးအကြောင်းပြချက်နဲ့ ထပ်မပေးတော့ဘူးလို့သိရပါတယ်။
အဲဒါကြောင့် အလုပ်သမားတွေက တောင်းဆိုမှုတွေ ထပ်လုပ်ခဲ့ပြီး မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးနဲ့ ခုံသမာဓိအဖွဲ့တို့က အလုပ်ရှင်ကို အနိုင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အလုပ်သမားတွေဟာ ခုံသမာဓိကောင်စီအဆင့်ကို မတက်တော့ဘဲ ဥပဒေပါ ခွင့်ပြုချက်အတိုင်း လုပ်ငန်းခွင်အတွင်း သပိတ်မှောက်တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာလို့ အဲဒီအလုပ်သမားအရေးကူညီပေးနေတဲ့ STUM က ကိုဇင်ဝေအောင်က ပြောပါတယ်။
အဲဒီစက်ရုံမှာ အလုပ်သမား ၇၀ လောက်ရှိပြီး မူလက သပိတ်မှောက်တောင်းဆိုဖို့ အလုပ်သမား ၄၉ ဦး သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်သမားရုံးဦးစီးမှူးတွေက သပိတ်မှောက်ရင် အရေးယူမယ်လို့ ဖိအားပေးခြိမ်းခြောက်ခဲ့တာကြောင့် လက်ရှိ အလုပ်သမား ၃၈ ဦးသာ ဆက်လက် သပိတ်မှောက်နေတာ ဖြစ်ပါတယ်။