Home
မြန်မာသတင်း
အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေး ဆွေးနွေးဝေဖန်ခဲ့ကြသော်လည်း ထိရောက်သည့် လုပ်ဆောင်ချက်များမရှိဟု အကဲခတ်များသုံးသပ်
DVB
·
August 7, 2022

ကျင်းပပြီးစီးသွားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဏာသိမ်း စစ်ကောင်စီကို ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ကြားခဲ့ရပေမဲ့ ထိရောက်တဲ့ ကြီးကြီးမားမားလုပ်ဆောင်ချက်တွေကိုတော့ မျှော်လင့်လို့မရဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပခဲ့တဲ့  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲနဲ့ ဆက်စပ် အစည်းအဝေးတွေအတွင်း မြန်မာ့အရေးဟာ ဦးစားပေး ကိစ္စတွေထဲမှာ ပါဝင် ပြောဆို ခဲ့ကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင်ရက်ပိုင်းမှာပဲ မြန်မာနိုင်ငံမှာ တရားမဝင်အာဏာသိမ်းထားတဲ့ စစ်ကောင်စီက နိုင်ငံရေး အကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေးကွပ်မျက်ခဲ့တဲ့ ကိစ္စဟာ အာဆီယံ ခေါင်းဆောင်တွေ ကိုယ်တိုင်က သူတို့ကို စစ်ကောင်စီက မထီမဲ့မြင့်ပြုတယ်လို့ ရှုမြင်ခဲ့ကြပါတယ်။ 

မြန်မာ့အရေးနဲ့ ပတ်သက်လာရင် စစ်ကောင်စီဘက်ကို တဖက်သတ် ဘက်လိုက်တယ်ဆိုပြီး အမြဲတမ်း ဝေဖန်ခံရတဲ့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ဒီကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အဖွင့်မှာပဲ မကျေမနပ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အကျဉ်းသားတွေကို နောက်ထပ်ကွပ်မျက်နေဦး မယ်ဆိုရင်၊ အာဆီယံ ဘုံသဘောတူညီချက်ထဲက အာဆီယံရဲ့ အခန်းကဏ္ဍတွေကို ပြန်ပြီး သုံးသပ်သွားမယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ ပြောသွားခဲ့တာပါ။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စိုးရိမ်ပြီး အလွန်စိတ်ပျက်တဲ့ အကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုနောက်ပိုင်း မြန်မာ့အရေးနဲ့ ပတ်သက်လာရင် စစ်ကောင်စီကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မရှိတဲ့ စစ်ကောင်စီကို အဖွဲ့ဝင် နိုင်ငံအားလုံးက စိတ်ပျက်နေတယ်လို့ ပြောပါတယ်။

ဒါအပြင် မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင်က မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးပါဝင်မယ့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်ဖို့ အာဆီယံ နိုင်ငံတွေနဲ့ တခြား ဆွေးနွေးဖက်  နိုင်ငံတွေကို အကြံပေး တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်က “အာဆီယံ သဘောတူညီချက်မှာ စစ်မှန်တဲ့ တိုးတက်မှုကို မတွေ့ရတဲ့အတွက် အကုန်လုံးက စိတ်ပျက်လာကြတယ်။ အထူးသံတမန် နှစ်ယောက်က ကြိုးစားခဲ့တာကိုတော့ ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ကျနော်တို့ဘက်ကတော့ လူ့စည်းလူ့ဘောင်ထဲကနေ လုပ်နိုင်တာ အကုန်လုပ်ခဲ့ကြပါတယ်။ စစ်အုပ်စုဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတာကတော့ စိတ်မကောင်းစရာပေါ့”လို့ ပြောပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနဲ့ တဆက်တည်း ကျင်းပတဲ့ အစည်းအဝေးတွေကို တက်ရောက်ကြမယ့် အာဆီယံရဲ့ ဆွေးနွေးဖက် နိုင်ငံတွေထဲမှာ အမေရိကန်၊ အီးယူလို မြန်မာ့ဒီမိုကရေစီရေး ပွင့်ပွင့်လင်းလင်း ပြောဆိုတဲ့ နိုင်ငံတွေ ပါဝင်သလို၊ တရုတ်၊ ရုရှားနဲ့ အိန္ဒိယလို နိုင်ငံမျိုးတွေလည်း ပါဝင်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံစဉ်မှာ မြန်မာ့အရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး ဘလင်ကန်က သတင်းထောက်တွေကို ပြောပါတယ်။ ဘာတွေ ဆွေးနွေးခဲ့သလို ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။ 

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက အကောင်အထည်မဖော်တာ၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာ၊ အခုနောက်ဆုံး အာဆီယံက မေတ္တာရပ်ခံနေတဲ့ကြားထဲက နိုင်ငံရေးအကျဉ်းသား ၄ ယောက်ကို သေဒဏ်ပေးခဲ့တာတွေကြောင့် အာဆီယံ ကိုယ်တိုင်က ရပ်တည်ချက် ပြောင်းလဲလာဖို့ မျှော်လင့်တယ်လို့  NUG အစိုးရရဲ့ သြစတြေးလျ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။ 

“အာဆီယံထဲမှာ ဝန်ကြီးချုပ်ဟွန်ဆန်က ကိုဂျင်မီတို့၊ ကိုဇေယျာသော်တို့ကို သေဒဏ်ကွပ်မျက်ခဲ့တဲ့ အပေါ်မှာ အာဆီယံ ဥက္ကဋ္ဌက ထုတ်ပြန်တဲ့စာက သူတို့ သမိုင်းမှာ သူ့ပြည်သူတောင် သူ့ကို ပြန်အံ့သြတယ်၊ အခု တွေ့ဆုံဆွေးနွေးနေတဲ့အခါမှာလည်း ၊ မြန်မာ့အရေးမှာ အာဆီယံရဲ့ ပြောင်းလဲလာတဲ့အမြင် ပိုပြီး ထိရောက်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။”

ဒါပေမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးမှာ တက်ရောက်နေတဲ့ တရုတ်နဲ့ ရုရှားတို့ဆီတော့ မြန်မာနဲ့ ပတ်သက်လို့ ပြောဆိုသံတွေကို မကြားရပါဘူး။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဆိုရင် အာဆီယံအစည်းအဝေးကို မလာခင်မှာ နေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့  စစ်ကောင်စီခန်ံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်တို့နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုးကတော့ အာဆီယံဘုံသဘောတူညီချက်ကို စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ဖို့မရှိဘူးဆိုတာ နိုင်ငံတကာအနေနဲ့ နားလည်သွားပြီလို့ ပြောပါတယ်။

မြန်မာစစ်တပ်အပေါ် ဖိအားတွေရှိလာနိုင်ပေမဲ့  အာဆီယံရဲ့ ဆောင်ရွက်ပိုင်ခွင့်အရတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြီးကြီးမားမားလုပ်ဆောင်ချက်တွေကိုတော့ မျှော်လင့်လို့မရဘူးလို့ ဆိုပါတယ်။

နိုင်ငံလေရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်ကလည်း စစ်ကောင်စီနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ဖိအားတချို့ရှိလာမှာ မှန်ပေမဲ့ ပြည်တွင်းအင်အားစုတွေရဲ့ စုစည်းတော်လှန်မှုကသာ အခရာဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာတွေ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဆန်းသစ်တဲ့နည်းလမ်းနဲ့ အဖြေရှာကြဖို့ လိုနေပြီလို့ ပြောပါတယ်။ 

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေရပ်ဖို့ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို  မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ကိုယ်တိုင် တက်ရောက်တဲ့ အာဆီယံခေါင်းဆောင်များ အစည်းအဝေးမှာ သဘောတူညီခဲ့တာ ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာနိုင်တဲ့ လမ်းစအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားခဲ့ကြတာပါ၊  ဒါပေမဲ့ အချိန်တနှစ်ကျော်ကြာတဲ့အထိ အာဆီယံ သဘောတူညီချက်တွေကို မြန်မာစစ်အာဏာရှင်ြ တခုမှာ  အကောင်အထည်ဖော်လုပ်ဆောင်တာ မရှိတဲ့အတွက် အာဆီယံအတွက် သိက္ခာကျစရာ ဖြစ်လာရပါတယ်။

လက်ရှိ မြန်မာပြည် အခြေအနေဟာ အလျင်အမြန် ဆုတ်ယုတ်နေတာ အာဆီယံ ဘုံ သဘောတူညီချက် မယူခဲ့တုန်းက အခြေအနေထက်တောင် ပိုဆိုးလာနေတယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က  ပြောပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူတွေကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့တဲ့အတိုင်း ဆက်လုပ်နေဦးမယ်ဆိုရင် အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း မဖြစ်မနေ ပြန်စဉ်းစားဖို့ လိုအပ်လာလိမ့်မယ်လို့ ပြောသွားပါတယ်။  

“နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီးတော့ သေဒဏ်ကိစ္စကို ပြန်စဉ်းစားဖို့ ကျနော်ကိုယ်တိုင်နဲ့ တခြားအာဆီယံ ခေါင်းဆောင်တွေက မေတ္တာရပ်ခံနေတဲ့ ကြားထဲက အတိုက်အခံပါတီက တက်ကြွလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်လိုက်တဲ့အတွ၊က် ကမ္ဘောဒီးယားနဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက ထိတ်လန့် စိတ်ပျက်ကြတယ်။”လို့  ဟွန်ဆန်က ပြောပါတယ်။

၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာက လွဲလို့ တခြား အာဆီယံ နိုင်ငံ ၉ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်ခဲ့ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီးကိုလည်း အစည်းအဝေး တက်ခွင့်မပြုပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024