Home
မြန်မာသတင်း
အရာတော်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ၈၀ ကျော် အဘွားအို ၁ ဦး မီးလောင်သေဆုံး
DVB
·
August 6, 2022
297783824_174599855052912_3128506578852678487_n

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဩဂုတ် ၆ ရက် မနက်ပိုင်းက မင်းရွာကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ရာမှာ ကျေးရွာအိမ်ခြေအများပြားနဲ့အတူ အသက် ၈၀ ကျော်အဘွားအို ၁ ဦး မီးလောင်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ မြင်းမူမြို့နယ်နဲ့ အရာတော်မြို့နယ်အစပ် မင်းရွာ ကျေးရွာဝန်းကျင်ကို ဩဂုတ် ၅ ရက်နေ့က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် ဒီနေ့မနက်မှာတော့ ‌ကျေးရွာကို မီးရှို့သွားတာလို့ ဆိုပါတယ်။

"အရင်ရက်က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရွာဝန်းကျင်မှာတိုက်ပွဲဖြစ်ပြီး ရွာဘက်တွေကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ ရွာကို တပ်စွဲထားရာကနေ ဒီနေ့မနက်ကျတော့ မီးရှို့သွားတာ ရွာလုံးကျွတ်နီးပါး ပြာကျသွားပြီ။ အကုန်ပြေးနေရတော့ မီးလောင်အိမ်ခြေအရေတွက် အတိကျမသိရသေးဘူး။ အသက် ၈၀ ကျော်အဘွားအိုကတော့ မပြေးနိုင်လို့ အရှင်လတ်လတ်မီးထဲပါပြီး သေသွားရှာတယ်" လို့ ကျေးရွာဒေသခံတဦးက ပြောပါတယ်။

မီးလောင်သေဆုံးသူဟာ ဒေါ်ရှင်အမည်ရှိ အသက် ၈၀ ကျော်အရွယ် အဘွားအို ဖြစ်တယ်လို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာကိုမီးရှို့ပြီးနောက် ရွာမှ ပြန်ထွက်သွားကြတယ်လို့ သိရပါတယ်။

အရာတော်မြို့တောင်ဘက်ရှိ မင်းရွာကျေးရွာဟာ မြင်းမူမြို့နယ်အစပ်မှာ တည်ရှိပြီး ဈေးဆိုင်တန်းတွေနဲ့ စည်ကားတဲ့ အိမ်ခြေ ၁၀၀၀  ဝန်းကျင်ရှိ အုပ်စုကျေးရွာတရွာလည်း ဖြစ်ပါတယ်။

အခုလို စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် မင်းရွာကျေးရွာအပါဝင် အနီးနားရှိ ကျေးရွာ‌များမှ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ် အကူညီများလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း အရာတော်နဲ့ မြင်းမူမြို့နယ်အစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်မှုတွေနဲ့ စစ်ဘက်သုံးတိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024