ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွင် မီးလောင်မှုကြောင့် ၁၀ ဦး သေဆုံး

ပန်ဆယ်လ်ဗေးနီးယားပြည်နယ်အရှေ့ပိုင်း ကျေးလက်ဒေသမှာ သြဂုတ် ၅ ရက်  အရုဏ်မတက်မီ မီးလောင်မှုအတွင်း ကလေးငယ် ၃ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

Susquehanna မြစ်တစ်လျှောက်က Luzerne ကောင်တီ လယ်ယာစိုက်ပျိုးရေး အသိုင်းအဝိုင်းငယ် တခုဖြစ်တဲ့ Nescopeck ရပ်ကွက်မှာ အရှေ့ဘက်စံတော်ချိန် မနက် ၂ နာရီ ၄၅ မိနစ်လောက်က မီးလောင်ကျွမ်းခဲ့တာလို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

မီးလောင်မှုရဲ့ အကြောင်းရင်း ဇာစ်မြစ်နဲ့ပတ်သက်လို့ တရားဝင်အသေးစိတ် အချက်အလက်တွေ ကို ချက်ချင်း မသိရသေးပါဘူး။ 

သူတို့ကိုကယ်ဖို့ အိမ်ထဲကိုဝင်လို့မရခဲ့ဘူးလို့ မီးလောင်မှုကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ လူဇင်းခရိုင်မီးသတ်ဌာနမှ မီးသတ်သမား ဒေးလ်ဘေကာက ပြောပါတယ်။ 

သူ့ရဲ့ သား၊ သမီး၊ မြေးအရင်း ၂ ယောက်၊ တခြားမြေး ၂ ယောက်၊ ယောက္ခထီး နဲ့ ယောက်ဖ၊ ယောင်းမတွေ အကုန်လုံးကို ဆုံးရှုံးသွားရတာလို့ ဆိုပါတယ်။ 

သေဆုံးသူ ၁၀ ဦးစလုံးရဲ့ ရုပ်အလောင်းတွေကို နေအိမ်အပျက်အစီးတွေအတွင်းမှာ တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်မှ ၇၉ နှစ်ကြား အရွယ်ရောက်ပြီးသူ ၇ ဦး ပါဝင်ပြီး အသက် ၅ နှစ်နဲ့ ၆ နှစ်အရွယ် ယောက်ျားလေး ၂ ဦးနဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးတဦးတို့ ပါဝင်ပါတယ်။ 

တခြားအရွယ်ရောက်သူ ၃ ဦး ကတော့ အန္တရာယ်မရှိဘဲ နေအိမ်ကနေ ထွက်ခွာနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

//
More News
Up