မြန်မာပြည်ရဲ့ငြိမ်းချမ်းရေး အစီအစဉ် တိုးတက်မှု မပြသနိုင်မချင်း မြန်မာ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေကို အာဆီယံရဲ့ ဘယ်အစည်းအဝေးမှ တက်ခွင့်မပြုဘဲ ဆက်လက်ထားရှိဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်လိုက်တဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံခြား ရေးဝန်ကြီး ပရတ်ဆာခွန်းက ပြောကြားလိုက်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ပရတ်ဆာခွန်းက ပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ တောင်းဆိုထားတာပါဝင်တဲ့ အာဆီယံဘုံ သဘောတူညီချက် ၅ ရပ်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီအနေနဲ့ တိုးတက်မှုရှိအောင် လုပ်ဆောင်တာကို ပြသရမှာဖြစ်တယ်၊ ပြီးမှသာ အာဆီယံအဖွဲ့အနေနဲ့လည်း ဆုံးဖြတ်ချက်ကို တိုးတက်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပရတ်ဆာခွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အတိုက်အခံ ၄ ဦးကို သေဒဏ်စီရင်ခဲ့တဲ့ ကိစ္စအပါအဝင်၊ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေနဲ့ လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အချိန်ယူကာအလေးအနက်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာတစ်ကြိမ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာပရတ်ဆာခွန်းက အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ၂၀၂၂ ခုနှစ် မတ်လထဲမှာတစ်ကြိမ်၊ ဇွန်လနှောင်းပိုင်းကနေ ဇူလိုင်လဆန်း အထိတစ်ကြိမ် မြန်မာနိုင်ငံသို့သွားရောက်ပြီး အခြေအနေတွေကို လေ့လာဆန်းစစ်ဖော်ပြဖို့ ကြိုးပမ်းခဲ့တာတွေအတွက် အသိအမှတ်ပြုကြိုဆိုကြောင်း၊ ဒါပေမဲ့ အားလုံးသဘောတူညီထားတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက အချိန်နဲ့တပြေးညီ ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမရှိတာ၊ လိုက်လျောဆောင်ရွက်လိုမှု မရှိတာတွေကို မြင်တွေ့သိရှိရတဲ့ အပေါ်မှာလည်း အလွန်အမင်းစိတ်ပျက်မိတယ်လို့ အာဆီယံ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့အပြင် ပြဿနာတွေကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး၊ အခြေအနေတွေတိုးတက်ကောင်းမွန်လာရေးအတွက် ကောင်းတဲ့ဘက်က ဝိုင်းဝန်းကူညီဖို့ အာဆီယံက အသင်ဖြစ်နေကြောင်းနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ကနေ မြန်မာအရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးကို တတ်နိုင်လောက် အစောဆုံး တွေ့ဆုံညှိနှိုင်းသွားဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ တခြား ဆက်စပ်အစည်းအဝေးတွေ၊ အမေရိကန်၊ ရုရှား၊ တရုတ် စတဲ့ အင်အားကြီးနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်တက်ရောက်တဲ့ ၂၉ ကြိမ်မြောက် အာဆီယံ ဒေသတွင်းဖိုရမ် (ARF) အစည်းအဝေးတွေကို ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့တော်မှာ အခုသီတင်းပတ်အတွင်း ကျင်းပနေတာ ဖြစ်ပြီး မြန်မာစစ်ကောင်စီခန့် ဝန်ကြီးကိုတော့ အစည်းအဝေးတက်ခွင့် မပြုခဲ့ပါဘူး။