လက်နက်ကြီးကြောင့် ဖောင်းပြင်မြို့နယ်က နေအိမ်များနှင့်ဘုန်းကြီးကျောင်းအချို့ ထိမှန်ပျက်စီး

ပြီးခဲ့တဲ့ မတ်လက ဖောင်းပြင်မြို့နယ်က နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရစဉ်

စစ်ကိုင်းတိုင်း မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု ကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။

အခုလို ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အဖွဲ့ဟာ မုံရွာဘက်ကနေ ချင်းတွင်းမြစ်အတိုင်း အထက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ရေယာဥ်အုပ်စုက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သြဂုတ် ၃ ရက်ကတည်းက ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်မှာရှိတဲ့ ဖောင်းပြင်မြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေလည်း နေအိမ်တွေမှာ မနေရဲကြဘဲ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ကယားကျေးရွာက နေအိမ် ၁၇ လုံး၊ သာစည်ကျေးရွာက နေအိမ် ၁ လုံးနဲ့ မြို့မကျေးရွာမှာတော့ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်တွေ မြို့မဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ခဲ့တာကြောင့် အုတ်တံတိုင်းများ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မောက်စဖာကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် လယ်ကွက်တခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ၆ ပေလောက်ကျယ်တဲ့ တွင်းကြီးတခု ဖြစ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ ရေယာဥ်အုပ်စုဟာ ဖောင်းပြင်မြို့နယ်အတွင်းကနေ ချင်းတွင်းမြစ်အထက်ပိုင်းကို ခရီးဆက်လက်ထွက်ခွာသွားခဲ့ပြီး မြစ်ကြောင်းဘေးဝဲယာရှိ ဒေသခံပြည်သူတွေလည်း ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

//
More News
Up