ပြည်သူ့လှူဒါန်းငွေဖြင့် မန္တလေး PDF ရဲဘော်များအား ကျပ် ၁ သောင်းနှုန်း ထောက်ပံ့

ပြည်သူတွေရဲ့ ထောက်ပံ့လှူဒါန်းမှုနဲ့ မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး MDY-PDF အဖွဲ့က ရဲဘော်တွေကို အိတ်ဆောင်ပိုက်ဆံအဖြစ် ရဲဘော် ၁ ဦးကို ကျပ် ၁ သောင်းနှုန်း နှစ်လတိုင်တိုင် ထောက်ပံ့နိုင်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး MDY-PDF က ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ရဲဘော်တွေအားလုံးကို ဖြန့်ဝေပေးရတဲ့အတွက် ငွေပမာဏ အရနည်းပေမဲ့ အိတ်ဆောင်ပိုက်ဆံတွေဟာ ပြည်သူလူထုကနေတဆင့် စီးဝင်လာတဲ့ငွေတွေ ဖြစ်တဲ့အတွက် ပြည်သူနဲ့ PDF အကြား တော်လှန်ရေးဝတ်မှုံကူးခြင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း မိမိတို့လှူဒါန်းလိုက်တဲ့ အလှူငွေတွေဟာ PDF ရဲဘော်တွေထံ ရောက်ရှိသွားတာကို မြင်ပြီး ပီတိဖြစ်နိုင်သလို PDF ရဲဘော်တွေအနေနဲ့လည်း နောက်ကျောမှာ ပြည်သူလူထုတရပ်လုံး ရှိနေတယ်လို့ ခံစားရတဲ့အတွက် အင်မတန်မှကို စိတ်နွေးရပါတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး MDY-PDF က ပြောပါတယ်။

//
More News
Up