နိုင်ငံတော်ဈာပနအခမ်းအနားသို့ အကြမ်းဖက်စစ်ကောင်စီအား တက်ခွင့်မပြုရန် ဂျပန်အစိုးရကို တောင်းဆို

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို မြန်မာနိုင်ငံမှ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကိုယ်စားပြုသူ တက်ရောက်တာကို လုံးဝခွင့်မပြုဖို့ တိုကျိုမြို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ဩဂုတ် ၅ ရက် ဒီနေ့ညနေပိုင်းက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ဂျပန်၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ ကြွေးကြော်သံတွေနဲ့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

ဝန်ကြီးဌာနရုံးရှေ့ ဆန္ဒပြစဉ် ဂျပန်ရောက်မြန်မာနိုင်ငံသားများကိုယ်စား မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ စီဒီအမ်သံအရာရှိ ဦးအောင်စိုးမိုး၊ ဦးမြင့်ဆွေ၊ ဒေါက်တာခင်ဇေယျာမြင့်နဲ့ မလဲ့လဲ့လွင်တို့ ၄ ဦး ဝင်ရောက်တွေ့ဆုံကာ ရှင်းလင်းတင်ပြခဲ့ပြီး အရှေ့တောင်အာရှဆိုင်ရာ ဒုတိယညွန်ကြားရေးမှူး Mr.Takanori Hayashi က လက်ခံတွေ့ဆုံတယ်လို့ သိရပါတယ်။

အရင် ၁၉၈၉ ခုနှစ် စစ်အာဏာရှင်လက်ထက်ကလည်း ဂျပန်အစိုးရက ဖိတ်ခေါ်ပြီး စစ်အစိုးရကို ကမ္ဘာမှာ ပထမဆုံးအသိအမှတ်ပြုခဲ့တဲ့ အတွေ့အကြုံရှိခဲ့တာကြောင့် အခုဝန်ကြီးချုပ်ဟောင်း ဈာပနမှာ မြန်မာပြည်သူတွေ ဆန္ဒဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီဝင်တဦးမျှ တက်ရောက်ခွင့်မပြုဖို့နဲ့ ခွင့်ပြုခဲ့ပါက နောင်တချိန် ဂျပန်-မြန်မာ ဆက်ဆံရေးမှာ အကြီးအကျယ် ထိခိုက်နိုင်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးခဲ့တယ်လို့လည်း ရုံးအတွင်း ဝင်ရောက်တောင်းဆိုခဲ့သူ ဒေါက်တာခင်ဇေယျာမြင့်က ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးရုံးတာဝန်ခံက စစ်ကောင်စီကို သံတမန်ဆက်ဆံရေးတွေ ရှိနေပါတယ်လို့ ပြန်ရှင်းပြပေမယ့် တကယ်က နိုင်ငံတကာကျင့်ဝတ် သံတမန်ကျင့်ဝတ်တောင် နားမလည် မလိုက်နာတဲ့ ဒီအကြမ်းဖက်စစ်ကောင်စီကို သံတမန်အဆင့် ဆက်ဆံဖို့မလိုကြောင်း ရှင်းပြခဲ့ကြောင်းလည်း ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများကိုယ်စား ဝင်ရောက်တွေ့ဆုံခဲ့သူ တဦးဖြစ်တဲ့ စီဒီအမ်သံအရာရှိ ဦးအောင်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။

အခုလို တောင်းဆိုမှုတွေကို ၁၇ နိုင်ငံက မြန်မာနိုင်ငံသားတွေ ဂျပန်သံရုံးတွေကို အခုအပတ်အတွင်း တပြိုင်နက် တောင်းဆိုသွားကြမှာဖြစ်ပြီး ဇူလိုင်လက ရွေးကောက်ပွဲမဲဆွယ်စဉ် လုပ်ကြံခံရသူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနကို လာမယ့်စက်တင်ဘာ ၂၇ ရက်နေ့ တိုကျိုမြို့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံအသီးသီးမှ ခေါင်းဆောင်း၊ ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။

//
More News
Up