ကန်အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် ဂျပန်ဝန်ကြီးချုပ် တွေ့ဆုံ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ‌ ပေလိုစီဟာ သူ့ရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီး သြဂုတ် ၅ ရက်က ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခိရှိဒနဲ့ တိုကျိုမှာ တွေ့ဆုံခဲ့ပါတယ်။

ပေကျင်းကလည်း မကြုံစဖူး စစ်ရေးလေ့ကျင့်မှုနဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး ဂျပန်ရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်း ၅ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

‌ပေလိုစီဟာ ထိုင်ဝမ်ကို သြဂုတ် ၂ ရက် နှောင်းပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ကြိုမကြေညာဘဲ ရောက်ရှိလာပြီး သြဂုတ် ၃ ရက်မှာ ပြန်ထွက်ခွာခဲ့တာပါ။

‌ပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ် အကျဉ်းချုပ်ဟာ တရုတ်နိုင်ငံက သူတို့ပိုင်မြေလို့ အခိုင်အမာ ပြောနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို အမေရိကန် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ရဲ့ ခရီးစဉ်အဖြစ် အမှတ်အသား ပြုခဲ့ပါတယ်။

အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ အင်အားကြီးထွားလာမှုနဲ့ ပေကျင်းက စစ်ရေးအရ အရေးယူနိုင်ခြေ အလားအလာတွေနဲ့ပတ်သက်ပြီး ဝါရှင်တန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေထဲက တနိုင်ငံဖြစ်တဲ့ တိုကျိုကလည်း ပိုစိုးရိမ်ထိတ်လန့်နေချိန်မှာ ‌ပေလိုစီရဲ့ ဂျပန်ခရီးစဉ် ပေါ်ပေါက်လာတာပါ။

“တရုတ်ရဲ့လုပ်ရပ်ဟာ ကျနော်တို့ရဲ့ လုံခြုံရေးနဲ့ ဂျပန်ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ကြီးလေးတဲ့ကိစ္စဖြစ်ပြီး ကျနော်တို့က တရုတ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ပါတယ်” လို့ ‌ေပလိုစီကို ပြောကြားခဲ့ကြောင်း ဝန်ကြီးချုပ် ခိရှိဒက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ လတ်တလောလုပ်ရပ်တွေဟာ ဒေသတွင်းအတွက်နဲ့ နိုင်ငံတကာအသိုက်အဝန်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ကြီးမားတဲ့ စိုးရိမ်ပူပန်မှုကို ဖြစ်စေကြောင်းနဲ့ တရုတ်ကိုလည်း သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကို ချက်ချင်းရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်လို့ ဆိုပါတယ်။

တိုကျိုမှာ ‌ေပလိုစီဟာ ပိုပြီးဩဇာကြီးတဲ့ ပါလီမန်အောက်လွှတ်တော် ဥက္ကဋ္ဌ ဟိရိုယူကီ ဟိုဆိုဒါ့နဲ့ တွေ့ဆုံဖို့လည်း မျှော်လင့်ထားပါတယ်။

//
More News
Up