“ကြက်မောက်ပင်ကနေ ဒူးရင်းသီးတွေ သီးလာမယ်လို့ မမျှော်လင့်ပါနဲ့”

စစ်အာဏာရှင်လက်အောက်မှာ အခက်အခဲ ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ မြန်မာပြည်သူတွေအတွက် အာဆီယံ AHA Center ရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ ထိရောက်မှုရှိမလား၊ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့  ချဉ်းကပ်မှုတွေက အလုပ်ဖြစ်မလား၊ အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေဆီ အထောက်အပံ့တွေရရှိဖို့ ဘာတွေလုပ်ဖို့ လိုအပ်မလဲ စတာတွေနဲ့ပတ်သက်ပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ နှစ်ပေါင်း ၂၀ လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Yusof Ishak Institute (ISEAS) ရဲ့ အကြီးတန်းသုတေသီ အက်ဒယ်လီနာ ကာမာလ်ရဲ့ သဘောထားအမြင်တွေကို ကောက်နုတ်ဖော်ပြပေးလိုက်ရပါတယ်။

(အပြည့်အစုံ)

ကျမရဲ့ လေ့လာတွေ့ရှိချက်တွေ တင်ပြခွင့်ရတဲ့အတွက် ကျေးဇူးတင်စကားပြောပါရစေ။​ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ လူမှုကူညီထောက်ပံ့ရေးဌာန AHA Center အပါအဝင် အာဆီယံနဲ့ပတ်သက်တဲ့ ရာထူးသက်တမ်း ကုန်ဆုံးခဲ့ပြီမို့လို့ အာဆီယံထဲက နိုင်ငံသားတယောက်အနေနဲ့ ကျမကိုယ်ပိုင်ထင်မြင်ချက်တွေသာ ဖြစ်ပါတယ်။​ အခုလက်ရှိ ဆက်စပ်နေတဲ့ (ISEAS) Institute for Southeast Asian Studies အဖွဲ့အစည်းရဲ့ အမြင်သဘောထားတွေ အနှစ် ၃၀ နီးပါး လုပ်ကိုင်ခဲ့ဖူးတဲ့ ASEAN အတွင်းရေးမှူးချုပ်ရုံးတွေ AHA center တွေရဲ့ အမြင်မဟုတ်ဘဲ ကိုယ်ပိုင်ပုဂ္ဂလိက သဘောထားကို တင်ပြမှာ ဖြစ်ပါတယ်။

အာဆီယံအဖွဲ့နဲ့ အလုပ်ကိစ္စ စာချုပ်တွေ ပြီးခဲ့တဲ့နောက်မှာ မြန်မာနိုင်ငံပြဿနာနဲ့ ပတ်သက်လို့ ရေးသားခဲ့တာတွေ ဆော်သြခဲ့တာတွေ ရှိပါတယ်။​ မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအနေနဲ့ သက်သောင့်သက်သာမရှိတဲ့ ချဉ်းကပ်မှုတွေ လိုအပ်နေတာနဲ့ ပတ်သက်ပါတယ်။ တခြားဆွေးနွေးသူတွေနဲ့ မတူဘဲ ကျမကတော့ အာဆီယံရဲ့ အခန်းကဏ္ဍ အဖွဲ့ဝင်နိုင်ငံ အစိုးရတွေ ဘာလုပ်နိုင်မလဲဆိုတာကို ပိုပြီး အထူးပြုချင်ပါတယ်။

နောက်ပြီး အာဆီယံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ခဲ့ဖူးတာတွေ မြန်မာ့အရေး ဖြေရှင်းရာမှာ အသုံးချတဲ့နည်းနာတွေ စတင်ပြုစုတုန်းက အတွေ့အကြုံတွေအပြင် အာဆီယံရဲ့ လက်တွေ့ လူမှုကူညီထောက်ပံ့ရေးတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ မကြာခင်က ဆွေးနွေးပြောဆိုရင်း လေ့လာဖြစ်ခဲ့တာတွေ အပေါ်မှာ အခြေခံပါတယ်။​

ကျမရဲ့ အဆိုပြုချက်တွေကို မပြောပြခင်မှာ ကျမအရင်ကရေးခဲ့တဲ့ထဲမှာလည်း ပြန်ကြည့်နိုင်တဲ့ ကျမတွေ့ရှိချက်တွေကို ပြန်မျှဝေချင်ပါတယ်။ အခုဆွေးနွေးချက်မှာ အသေးစိတ်တွေ မပြည့်စုံခဲ့ရင်လည်း နောက်ပိုင်းမှာ စာတမ်းတစောင်ရေးပြီး ပြန်မျှဝေပေးဖို့ စီစဉ်ထားပါတယ်။

အဓိကတင်ပြချက်တဲ့ အချက်တခုကတော့ အာဆီယံရဲ့ အမြင့်ဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ အာဆီယံခေါင်းဆောင်တွေဟာ အရေးပေါ်အခြေအနေတွေ အတွက် ထူးခြားတဲ့ အစီအစဉ်‌ေတွ ချမှတ်နိုင်ဖို့ အာဆီယံ ပဋိညာဉ်စာတမ်းက အထောက်အကူ ပြုပါတယ်။ ဒါပေမဲ့ အာဏာလက်ကိုင်ရှိသူတွေက အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အခါမျိုးမှာ ပဋိပက္ခတွေ ဖြစ်ပေါ်လာချိန်မှာ ဒေသတွင်း အဖွဲ့အစည်းကြီးတခုအနေနဲ့ နိုင်ငံရေးအရ စုပေါင်းအဖြေရှာဖို့ အာဆီယံကို လမ်းညွှန်ပေးနိုင်မယ့် ဒေသတွင်းအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းရယ်လို့ တကယ်တမ်း မရှိထားပါဘူး။

အဲဒီလုပ်ထုံးလုပ်နည်းတွေ မရှိတဲ့နောက် ကျမအမြင်မှာ အာဆီယံဒေသတွင်းက ပြည်တွင်းရေး အကျပ်အတည်းတွေကို အာဆီယံအဖွဲ့က မဖြေရှင်းပေးနိုင်ခဲ့တာတွေ ကျမတို့ သိပါတယ်။ မြန်မာနိုင်ငံက အကျပ်အတည်းမှာ အဲဒီအားနည်းချက်တွေ ပိုပြီးပေါ်လွင်လာတယ်လို့ ပြောချင်ပါတယ်။

အဲဒါက တချက်ပါ။ နောက်တခုကတော့ ကံမကောင်းစွာဘဲ လူမှုစာနာကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်လို့ အာဆီယံအဖွဲ့ဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းတွေကိုပဲ အမီှပြုရပါတယ်။ အဲဒါကလည်း တကယ်တော့ အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်းကို အာရုံပြုပြီး ပြုစုခဲ့ကြတာ ဖြစ်ပါတယ်။

မီးတောင်ပေါက်ကွဲတာ၊ ရေကြီးတာ၊ ဆူနာမီလှိုင်း ရိုက်ခတ်တာလို သဘာဝဘေးအန္တရာယ်တွေ ကြုံရင် အာဆီယံအဖွဲ့ရဲ့ လက်ကိုင်ကျမ်းစာအုပ်လိုဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ အရေးပေါ်တုံ့ပြန်မှုတွေအတွက် အာဆီယံအဖွဲ့ရဲ့ သဘောတူညီချက် အကြောင်းကို ကျမပြောတာပါ။

အဲဒီလက်ကိုင်ပြုကျမ်းစာအုပ်ဟာ အတော်လေး စိတ်ကူးကောင်းကောင်းလုပ်ထားတဲ့ ဒေသတွင်း သဘောတူညီချက်တခု ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျမတို့အားလုံး ဂုဏ်ယူဝင့်ကြွားနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်းပဲ ၂၀၀၄ ခုနှစ်က အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် ထိခိုက်စေခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်းကိုပဲ အဓိကစဉ်းစား ပြုစုခဲ့ကြတာပါ။

ကျမကိုယ်တိုင်လည်း ပါဝင်ခွင့်ရခဲ့တဲ့ ညှိနှိုင်းရေးကော်မတီက သဘောတူညီချက်အကြမ်း ပြုစုကြတဲ့အဖွဲ့မှာ ကိုးကားအသုံးပြုခဲ့ကြတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု သဘောတူညီချက်ဟာ ဆူနာမီလှိုင်းကိုပဲ ရည်ရွယ်ပြုစုခဲ့ကြတာပါ။ ကျမတို့ နိုင်ငံတကာ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဉပဒေတွေရယ် သင့်လျော်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေကို ကိုးကားခဲ့ကြပါတယ်။ ဘေးအန္တရာယ် ကြုံတွေ့ရတဲ့ နိုင်ငံတခုရဲ့ အစိုးရဟာ ဘေးဒုက္ခရင်ဆိုင်ရတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့မှုပေးချင်စိတ် ပေးနိုင်စွမ်းရှိတယ်လို့ နားလည်ထားပြီး အဲဒီသဘောတူညီချက်ကို ပြုစုခဲ့ရုံသာမကပါဘူး။

ဒီလုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ ကျမတို့ အလုပ်လုပ်နေကြတဲ့ အတိုင်းအတာ သို့မဟုတ် မှန်းဆချက်တွေ ရှိပါတယ်။ အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ လူသားချင်းစာနာမှု အထောက်အကူပေးရေးဌာန AHA center ဖွဲ့စည်းရာမှာလည်း ဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ နိုင်ငံဟာ လူမှုကူညီထောက်ပံ့မှုတွေ ပေးနိုင်တယ်၊ ပေးချင်စိတ်ရှိတယ်၊​ သက်ဆိုင်ရာနိုင်ငံ အစိုးရက သူ့ပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ အရင်ဆုံးပေးအပ်ဖို့ တာဝန်ရှိပြီး AHA center အပါအဝင် တခြား အာဆီယံနိုင်ငံတွေကလည်း အဲဒီ ဘေးအန္တရာယ် ရင်ဆိုင်နေရတဲ့ နိုင်ငံကို ဝိုင်းဝန်းကူညီ ထောက်ပံ့ကြရမယ်ဆိုတဲ့ နားလည်မှုတွေ ပါဝင်ပါတယ်။

ဒါပေမဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာတော့ မတူကွဲပြားတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ကျမပြောခဲ့သလိုပဲ အာဏာလက်ကိုင်ထားတယ်ဆိုတဲ့သူတွေက သူ့ပြည်သူတွေကို အကူအညီ မပေးနိုင်ဘူး၊ ပေးချင်စိတ်မရှိဘူး ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် အရင်ကရှိခဲ့တဲ့ မှန်းဆချက်တွေက မြန်မာနိုင်ငံအရေးမှာ အသုံးပြုလို့ မရနိုင်တော့ပါဘူး။

ဒုတိယအချက်ကတော့ AHA စင်တာဟာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး သို့မဟုတ် ကျမပြောတဲ့ လက်ကိုင်ကျမ်းစာကနေ ပေါ်ထွက်လာတာမို့လို့ မြန်မာနိုင်ငံအခြေအနေနဲ့ ကိုက်ညီမှု မရှိတော့ပါဘူး။​ ဒါပေမဲ့ AHA စင်တာကို မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ လူသားချင်းစာနာမှု အကူအညီတွေ ကြားခံဆက်သွယ်ပေးပို့ရာမှာ ညှိနှိုင်းဆောင်ရွက်ဖို့ ဖော်ပြထားတယ်။ AHA စင်တာကလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းတွေကိုပဲ အမီှပြုရတယ်။ စင်တာက သူ့ဘာသာသူ လုပ်လို့မရဘူး။​ အာဆီယံ ၁၀ နိုင်ငံက သဘောတူညီထားတဲ့ လုပ်ထုံးလုပ်နည်းတွေကိုပဲ အားပြုရတယ်။ အာဆီယံ ၁၀ နိုင်ငံလုံးက သဘောတူညီထားခဲ့တဲ့ စံချိန်စံညွှန်း လုပ်ထုံးလုပ်နည်းတွေ အပေါ်မှာပဲ အခြေခံ လှုပ်ရှားရတယ်။

အဲဒီသဘောတူညီချက်နဲ့ “SOP” စံချိန်စံညွှန်းအရ လုပ်ထုံးလုပ်နည်းတွေမှာ ပြောထားတာက သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့ရင် အဲဒီနိုင်ငံရဲ့ အစိုးရက ပြည်သူလူထုကို ကူညီထောက်ပံ့ပေးဖို့ ဦးတည်ချက်တွေနဲ့ ထိန်းသိမ်းဆောင်ရွက်ရလိမ့်မယ်။

အဲဒီလုပ်နည်းလုပ်ဟန်တွေကို အခုလိုပဋိပက္ခမျိုးမှာ အသုံးချဖို့ ကြိုးစားမယ်ဆိုရင် အကြမ်းဖက်မှုတွေ လုပ်နေတဲ့သူတွေကို လုပ်ပိုင်ခွင့် အပ်နှင်းတာပဲလို့ အဓိပ္ပာယ်ရပါတယ်။

အာဆီယံလုပ်ထုံးလုပ်နည်းတွေကို အသုံးပြုတာက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းတွေနဲ့ AHA စင်တာကို လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ ပြစ်မှုကျူးလွန်သူတွေက အသုံးချ ခြယ်လှယ်ခွင့်ပြုတာပဲ ဖြစ်ပါတယ်။ တခြားရည်ရွယ်ချက်အတွက် ပြင်ဆင်ထားတဲ့ AHA စင်တာကို အသုံးပြုတာ အပါအဝင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းတွေကို အမီှပြုလွန်းတာရဲ့ ရှုပ်ထွေးမှုတွေကို အာဆီယံအစိုးရတွေက ထည့်သွင်းစဉ်းစားဖို့ သဘောပေါက်ထားကြဖို့ အရေးကြီးတယ်လို့ ကျမထင်ပါတယ်။

အဓိကပြဿနာက အာဆီယံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ မဟုတ်ဘူး။ AHA စင်တာလည်း မဟုတ်ဘူး။ အဲဒါက ကြက်မောက်သီးပင်ကနေ ဒူးရင်းသီးတွေ သီးလာဖို့ မျှော်လင့်နေသလို ဖြစ်နေတယ်။ ကြက်မောက်သီးဆိုတာက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းတွေနဲ့ AHA စင်တာဆိုပါစို့။​ ကံအကြောင်းမသင့်တာက အာဆီယံမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် ထိခိုက်ခံရတဲ့ ပြည်သူလူထုကို စာနာမှုအကူအညီတွေပေးဖို့ တခြားနည်းလမ်း လုပ်ထုံးလုပ်နည်းလည်း မရှိဘူး။​

အဲဒါကြောင့် သူတို့က ရှိတဲ့ကူညီကယ်ဆယ်ရေး လုပ်ထုံးလုပ်နည်းဘက်ကို လှည့်လာကြတယ်။ ဒါက အသုံးချခံရမယ်။​ ဒီရည်ရွယ်ချက်နဲ့ အသုံးပြုဖို့ မကိုက်ညီပါဘူး။​ ဒါက ဒုတိယအချက်ပါ။​ ကြက်မောက်သီးပင်ကနေ ဒူးရင်းသီးတွေ သီးပွင့်လာမယ်လို့ မမျှော်လင့်ပါနဲ့။​ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။​

တတိယအချက်ကတော့ အာဆီယံတွင်းသာမက နိုင်ငံတကာမှာရော လူသားချင်းစာနာမှု အကူအညီကို အသုံးပြုတယ်ဆိုတာ တခြားချဉ်းကပ်မှုတွေ လုပ်ကိုင်နေကြတုန်းမှာ နိုင်ငံရေးအရ ထွက်ပေါက် သံတမန်နည်းအရ ပြေလျော့သွားဖို့ အသက်ရှူချောင်ဖို့ ဖြစ်ပါတယ်။​ အာဆီယံတွင်းမှာသာမက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ပါ နိုင်ငံရေးလမ်းကြောင်းနဲ့ လူသားချင်းစာနာမှု လမ်းကြောင်းတွေ ကွာဟနေတဲ့အချိန်မှာတော့ ဒီလိုမဖြစ်သင့်ဘူးလို့ ကျမထင်ပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီလမ်းကြောင်းက သူ့အခြေခံ ဥပဒေသတွေ ရှိပါတယ်။ လူသားချင်းစာနာမှု အကူအညီလမ်းကြောင်းက နိုင်ငံရေးလမ်းကြောင်းရဲ့ လက်အောက်ခံဖြစ်နေရင် ဖြစ်လာမှာက နိုင်ငံရေးလမ်းကြောင်းရဲ့ အမိန့်တွေကိုပဲ လိုက်နာရလိမ့်မယ်လို့ ထင်ပါတယ်။​ မြန်မာပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပို့ဆောင်ပေးရမယ့်သူတွေမှာ လုပ်ငန်းဆောင်ရွက်မှု လွတ်လပ်ခွင့်ပေးဖို့ လိုအပ်နေပါတယ်။​

အဲဒါကြောင့်ပဲ နောက်ထပ် ကျမငြင်းချက်ထုတ်တဲ့အချက်က လူသားချင်းစာနာမှု အကူအညီတွေကို အကျပ်အတည်းထဲက မြန်မာပြည်သူတွေက ယုံကြည်နိုင်တဲ့သူတွေ လက်ထဲကတဆင့် ပေးအပ်ဖို့ဆိုတာက (ကျမရှေ့ကသူတွေ ဖော်ပြသွားကြသလိုပါပဲ) နယ်ခြားဖြတ်ကျော်ကူညီမှုပဲ ဖြစ်ပါတယ်။​ Cross-border ကူညီမှုလို့ ကျမသုံးခဲ့ပါတယ်။​ အခုတော့ border-based အကူအညီလို့ ခေါ်ချင်ပါတယ်။​ border-based နယ်နိမိတ်အခြေခံ ကူညီမှုလို့ ဆိုလိုက်ရင် နယ်စပ်ဒေသတွေနားက သူတွေကိုပဲ ကူညီမှုလို့ တွေးစရာ ရှိနိုင်တာကြောင့် border-basic system အကူအညီဆိုတာက ပထဝီဝင်အနေအထားကို ဆိုလိုတာ မဟုတ်ပါဘူး။​

Border basis ဆိုလိုတာက SAC စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်တာပါ။​ စစ်အစိုးရနဲ့ အလုပ်တွဲမလုပ်တာပါ။​ အရပ်ဘက်အဖွဲ့အစည်းတွေ ဆယ်စုနှစ်နဲ့ချီပြီး အသုံးပြုခဲ့ကြတဲ့ လမ်းကြောင်းတွေကိုပဲ အသုံးပြုခြင်းကို ဆိုလိုတာပါ။​ ဆယ်စုနှစ်နဲ့ချီပြီး ဒီလမ်းကြောင်းတွေကို အသုံးပြုနေခဲ့ကြတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ကျမ သူတို့တွေနဲ့လည်း စကားပြောဖြစ်ပါတယ်။

ကျမအထင် ကျမတို့ဟာ အဲဒီဒေသခံအဖွဲ့အစည်းတွေ အကူအညီပေးအပ် ဖြန့်ဝေနိုင်စွမ်း ရှိတာကို လှေျာ့တွက်ခဲ့ကြပါတယ်။​ လူမှုအကူအညီတွေ ဖြန့်ဝေပေးအပ်ဖို့ အလုပ်ဟာ အာဆီယံ တာဝန် မဟုတ်ပါဘူး။ ကုလသမဂ္ဂအလုပ်လည်း မဟုတ်သလို နိုင်ငံတကာအသိုင်းအဝိုင်း အလုပ်လည်း မဟုတ်ပါဘူး။​ အခုချိန်မှာ အရေးကြီးတာက​ အကူအညီပေးရေး လုပ်ငန်းတွေက အတတ်နိုင်ဆုံး ဒေသခံတွေနဲ့ တွဲဖက်လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ အာဆီယံဒေသတွင်းတင်သာ မကပါဘူး​၊ တခြားဒေသတွေမှာလည်း ဒီလိုပဲ အတတ်နိုင်ဆုံး ဒီအလုပ်တွေ လုပ်နေကျ ဒေသခံတွေနဲ့ တွဲလုပ်သင့်တာပါ။​

ကံအကြောင်းမလှစွာဘဲ ဒီလိုအကူအညီဖြန့်ဝေပေးဖို့က လက်တွေ့နည်းနာပိုင်း အခက်အခဲရှိတယ်၊ နိုင်ငံရေးအရ ဖြစ်နိုင်ခြေမရှိဘူးလို့ ပြောကြပါတယ်။​ အဲဒီ ဒေသခံအဖွဲ့တွေမှာ ပစ္စည်းတွေ လက်ခံရယူနိုင်စွမ်း မရှိကြဘူး။ အတွေ့အကြုံမရှိဘူး။ တရားဝင်မှတ်ပုံတင်ထားတာ မရှိဘူး။​ အဲဒီဒေသခံအဖွဲ့တွေကို အထောက်အပံ့ပေးအပ်တာက သူတို့ရဲ့ တော်လှန်ရေးလှုပ်ရှားမှုကို ပံ့ပိုးသလိုဖြစ်နေမယ်လို့ ပြောကြပါတယ်။

ဒါပေမဲ့ အဲဒါ လူသားဖြစ်မှုဆန့်ကျင်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပိုပြီး နို့တိုက်မလား။ မြန်မာပြည်သူတွေက ယုံကြည်ပြီးသား လမ်းကြောင်းတွေကတဆင့် သွားမလား ဆိုတဲ့ ရပ်တည်ချက်ကိစ္စပါ။ လူသားချင်းစာနာမှု အကူအညီနဲ့ ပတ်သက်ရင် ယုံကြည်မှုက အရေးကြီးပါတယ်။ ဒါမှမဟုတ်ရင် အဲဒီအကူအညီတွေကို လက်ခံကြမှာ မဟုတ်ပါဘူး။

အဲဒါကြောင့် border-based ဆိုတာ ပထဝီဝင်အရ နယ်ခြားမျဉ်းတခုတည်းကို ပြောနေတာမဟုတ်ဘူး။ တကယ်တော့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေအထိ ငွေသားကူညီမှုနဲ့ ရောက်ရှိနိုင်တဲ့အကြောင်း ကျမတို့ ပိုပြီး ချေပပြောဆိုဖို့ အရေးကြီးပါတယ်။

တခြားပုဂ္ဂိုလ်တွေ ဆွေးနွေးသွားသလိုပဲ စိတ်ကူးစိတ်သန်းဖွင့်ပြီး လုပ်ရမှာတွေ ရှိပါတယ်။​ ကျမတို့ အတူတူ လမ်းစရှာဖွေနိုင်ပါတယ်။ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ဒီအလုပ်တွေ လုပ်နေကြတာ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်နေကြပါပြီ။​ သူတို့မှာ အဓိကလိုအပ်နေတာက ငွေကြေးပိုထောက်ပံ့ဖို့ပါ။​ ဒီလိုကူညီထောက်ပံ့ဖို့ မဖြစ်နိုင်ဘူးလို့ ပြောနေ မေးခွန်းထုတ်နေကြမယ့်အစား အကူအညီ ဖြန့်ဝေပေးနိုင်မယ့် ဝန်းကျင်အခြေအနေကို ထောက်ပံ့ အားပေးခွင့်ပြုပြီး ရလဒ်တွေ တကယ်ထွက်ပေါ်လာအောင် ကြိုးပမ်းကြည့်ပါလား။​ အဲဒါ မေးခွန်းထုတ်နေတဲ့သူတွေကို ကျမ တုံ့ပြန်ပြောပြချင်တာပါ။

အက်ဒယ်လီနာ ကာမာလ်

(အက်ဒယ်လီနာကာမာလ်ဟာ လူမှုကူညီထောက်ပံ့မှုနဲ့ နိုင်ငံတကာမူဝါဒ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာသမားလည်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလည်း ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနဲ့ လူမှုကူညီထောက်ပံ့ရေးဌာန AHA မှာလည်း အမှုဆောင်ဒါရိုက်တာအဖြစ် (၂၀၁၇-၂၀၂၁) အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

အဲဒီမတိုင်ခင်က အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာလည်း နှစ်ပေါင်း ၂၀ လောက် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိမှာတော့ သူဟာ Yusof Ishak Institute (ISEAS) ရဲ့ အကြီးတန်းသုတေသီ ဖြစ်ပါတယ်။)

//
More News
Up