ဂျင်မီနဲ့ တာရာမင်းဝေ

မြန်မာနိုင်ငံရဲ့ပြင်ပကို ရောက်ရှိနေကြသူတိုင်းအတွက် ပြည်တွင်းက ချစ်သူခင်သူများနဲ့ ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့ နည်းလမ်းပေါင်းစုံရှိနေပါပြီ။ ရှေးတုန်းက တန်ခိုးရှင်ကြီးတွေသာ ပိုင်ဆိုင်တယ်လို့ သတ်မှတ်ခဲ့ကြတဲ့ ဒိဗ္ဗစက္ခု (အမြင်အာရုံရတာ) တို့၊ ဒိဗ္ဗသောတ (အကြားအာရုံရတာ) တို့ဟာ ကျနော်တို့ခေတ်မှာ သိပ္ပံပညာရဲ့ တိုးတက်တီထွင်မှုများကြောင့် လူသားတိုင်း ပိုက်ဆံရှိရင်၊ နည်းပညာ နည်းနည်းနားလည်ရင် ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းတွေ ဖြစ်နေပါပြီ။ အခုအချိန်မှာ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာ (Facebook Messenger)၊ စကိုက် (Skype)၊ Signal၊ Zoom စတာတွေနဲ့ စာရိုက်၍ဖြစ်စေ၊ စကားပြော၍ဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ ဆက်သွယ်နိုင်နေကြပြီ ဖြစ်ပေမဲ့ အင်တာနက်မရှိလည်း သုံးလို့ရတဲ့ တယ်လီဖုန်းကလည်း အကောင်းဆုံး ဆက်သွယ်ရေး နည်းလမ်း ဖြစ်နေတုန်းပါ။ ကျနော်လည်း မြန်မာနိုင်ငံရဲ့ပြင်ပကို နှစ်ပေါင်းများစွာကတည်းက ရောက်ရှိနေသူတယောက်ဖြစ်လို့ ပြည်တွင်းက ချစ်သူ၊ ခင်သူတွေနဲ့ စကားပြောချင်တိုင်း တယ်လီဖုန်းနဲ့ တခြားနည်းလမ်းတွေ အဆင်ပြေသလိုသုံးပြီး ဆက်သွယ်ခဲ့ပါတယ်။ အဲဒီလို ဆက်သွယ်ရာမှာလည်း ကိုယ်ကပဲ စခေါ်သူ ဖြစ်ချင်ပါတယ်။ ကိုယ့်ကို ပြည်တွင်းကနေ စတင်ဆက်သွယ်တာကိုတော့ ကြောက်မိပါတယ်။ အဲဒီလို ပြည်တွင်းကနေ စတင်ဆက်သွယ်လာရင် မကောင်းတဲ့သတင်းတွေကိုပဲ ကြားရတတ်လို့ပါ။

လွန်ခဲ့တဲ့ ၁၅ နှစ်၊ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း၊ ရန်ကုန်မှာတော့ ဩဂုတ်လ ၄ ရက်နေ့ ညပိုင်းမှာ ကိုသူရ (ဇာဂနာ) က အွန်လိုင်းကနေ စာတိုလေးတစောင် ပို့လာပါတယ်။ “ကိုအောင်ဒင်၊ ခင်ဗျား ညီ အခြေအနေမကောင်းဘူး” တဲ့။ သူနဲ့ ကျနော် အပြန်အလှန် စာတိုလေးတွေ ရေးပို့ကြရင်း တာရာမင်းဝေ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေပြီလို့ နားလည်ပေမဲ့ အဆိုးဆုံးအထိ မမျှော်လင့်ခဲ့ပါ။ အဲဒီနေ့ ည၊ ရန်ကုန်မှာ ဩဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ကျနော့်ညီမ မိုးမိုးဆီက ဖုန်းဝင်လာပါတယ်။ “ကိုကိုရေ၊ အငယ်လေးတော့ ဆုံးပြီ” တဲ့။ ညီမလေးက ဖုန်းထဲမှာ ငိုရင်းပြောပါတယ်။ အငယ်လေးဆိုတာ တာရာမင်းဝေကို မေမေကခေါ်တဲ့ အမည်ပါ။ ဒီတော့မှပဲ ကိုသူရပြောတာနဲ့ ဆက်စပ်ပြီး ကျနော့်ညီကို အပြီးတိုင် ဆုံးရှုံးလိုက်ရပြီဆိုတာ သဘောပေါက် နားလည်လိုက်ရပါတယ်။

ဩဂုတ်လ ၇ ရက်နေ့မှာ ရန်ကုန်က ရေဝေးသုသာန်မှာ သင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။ အသုဘအပြီး နောက်တရက်၊ ဩဂုတ်လ ၈ ရက်ကလည်း ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ပါ။ မင်းကိုနိုင် အပါအဝင် အကျဉ်းထောင်များက ပြန်လွတ်လာကြတဲ့ ကျောင်းသားခေါင်းဆောင်များက “၈၈ မျိုးဆက်ကျောင်းသားများ” အုပ်စုကို တည်ထောင်ပြီး နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်ရေးအတွက် စစ်အာဏာရှင်တွေကို တောင်းဆိုနေကြတဲ့အချိန်ပါ။

တာရာမင်းဝေဟာ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတယောက်ဆိုတာထက် ပိုပါတယ်။ သူဟာ ၁၉၈၈ ရဲ့ ဗကသကျောင်းသားခေါင်းဆောင်တယောက်ပါ။ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ပါ။ ကျန်းမာရေးအခြေအနေအရ ဆေးကုသခံနေရပေမဲ့ စာချုပ် ချုပ်ထားမိလို့ ရေးပေးရမယ့် လုံးချင်းဝတ္ထုအချို့ ရေးပေးပြီးရင် မင်းကိုနိုင်တို့ ဂျင်မီတို့နဲ့ အတူပြန်လည်လက်တွဲပြီး “၈၈မျိုးဆက်ကျောင်းသားများ” အုပ်စုမှာ ပြန်လည်လှုပ်ရှားဖို့ ကတိပြုထားသူပါ။ ဒါကြောင့် သူ့ရဲ့ နောက်ဆုံးခရီးကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးကြဖို့ ကျနော့်သူငယ်ချင်းများကို ကျနော် တောင်းဆိုခဲ့ပါတယ်။ သူတို့ကလည်း သူတို့ချစ်တဲ့ သူငယ်ချင်းရဲ့ နောက်ဆုံးခရီးကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုကြဖို့ အဆင်သင့်ရှိကြပါတယ်။

ဒီလိုနဲ့ ရွှေဘုန်းလူ (ခေါ်) တာရာမင်းဝေရဲ့ ၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့၊ ရေဝေးသုသာန်မှာကျင်းပတဲ့ ဈာပနဟာ မိဘဆွေမျိုးများ၊ စာပေနဲ့အနုပညာနယ်ပယ်က မိတ်ဆွေများအပြင် “၈၈မျိုးဆက်ကျောင်းသားများ” နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များရဲ့ ပါဝင်မှုကြောင့် စစ်ထောက်လှမ်းရေးများရဲ့ အနှောင့်အယှက်တွေကြားကနေ အတိုင်းအတာတခုအထိ ပြည့်စုံလေးနက်ခဲ့ပါတယ်။ အဲဒီနေ့မှာ “၈၈မျိုးဆက်ကျောင်းသားများ” အုပ်စုရဲ့ အမှတ်တံဆိပ်အဖြစ် ဆုံးဖြတ်ထားတဲ့ “ကဒေါင်းရင်ထိုး” ကို ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံးအကြိမ် စတင်ဝတ်ဆင်ကြပြီး ဂျင်မီက တာရာမင်းဝေရဲ့ ရင်ဘတ်မှာ အဲဒီရင်ထိုးလေးကို အလောင်းကို မီးလောင်တိုက်ထဲမသွင်းခင် ချိတ်ဆွဲပေးခဲ့တယ်လို့ ကျနော့်ကို ဂျင်မီက ပြောပြဖူးပါတယ်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ တာရာမင်းဝေ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျနော်စီစဉ်တဲ့ “တာရာမင်းဝေ (၁၉၆၆-၂၀၀၇) ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် အမှတ်တရစာစုများ” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေပြီး ဩဂုတ်လ ၅ ရက်နေ့၊ ရန်ကုန် Book Plaza မှာ ကျင်းပတဲ့ အခမ်းအနားမှာ တက်ရောက်သူများကို လက်ဆောင်အဖြစ် ပေးဝေပါတယ်။ အဲဒီစာအုပ်လေးအတွက် သူငယ်ချင်း ကိုဘိုဘိုထွန်းက မျက်နှာဖုံးပန်းချီ ရေးဆွဲပေးပြီး ခေတ်ရနံ့မဂ္ဂဇင်းက ကိုဇော်မင်းကျော် (ပြည်သွေးနိုင်) က စာအုပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ်။ အဲဒီစာအုပ်မှာ ဂျင်မီက “ကျနော်နှင့် တာရာမင်းဝေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ပါဝင်ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးကို ဂျင်မီက အောက်ပါအတိုင်း အဆုံးသတ်ထားပါတယ်။

“အခေါင်းကား မီးသင်္ဂြိုဟ်စက်ထဲ ရောက်သွားလေပြီ။ တာရာမင်းဝေသည်လည်း ကျနော်တို့နှင့် အတူ ဆက်ရှိနေဦးမည်။”

အဲဒီနောက် ၁၅ နှစ်အကြာမှာ ရန်ကုန်က စတင်ခေါ်ဆိုတဲ့ တယ်လီဖုန်းသံကို ကျနော် လက်ခံနားထောင်ရပြန်ပါပြီ။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကျနော်တို့ရဲ့သူငယ်ချင်း ကိုဂျင်မီ ကျဆုံးခဲ့ပါပြီ။ အသတ်ခံရတာပါ။ သူရဲဘောကြောင်လှတဲ့ ဖက်ဆစ် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ကိုဂျင်မီနဲ့အတူ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို အချုပ်အနှောင်ထဲမှာ ကြိုးစင်တင်ပြီး သတ်ပစ်လိုက်တာပါ။ ကိုဂျင်မီဟာ နောက်ဆုံးအချိန်မှာ သရဏဂုံတင်ဖို့ကို ရဲရဲဝံ့ဝံ့ ငြင်းဆန်ခဲ့ပါတယ်။

ထောင်အာဏာပိုင်တွေက သူ့မိသားစုကို အလောင်းပြန်မပေးဘဲ ဖျောက်ဖျက်ခဲ့လို့ ဈာပန မလုပ်နိုင်ပါ။ ဈာပနအခမ်းအနား မကျင်းပနိုင်ပေမဲ့ သူနဲ့ ဒီမိုကရေစီသူရဲကောင်း ၃ ယောက်ကို မြန်မာနိုင်ငံ တနိုင်ငံလုံးက ပြည်သူများနဲ့ နိုင်ငံတကာပြည်သူများက လေးစား ဂုဏ်ပြုနေကြပါတယ်။ ဂျင်မီမသေပါ။ သူက တာရာမင်းဝေကို ပြောခဲ့သလို “ဂျင်မီသည်လည်း ကျနော်တို့နှင့်အတူ ဆက်ရှိနေဦးမည်” လို့ ကျနော်ပြောချင်ပါတယ်။

ဂျင်မီနဲ့ တာရာမင်းဝေ အမှတ်တရအဖြစ် ဂျင်မီရေးခဲ့တဲ့ တာရာမင်းဝေ အမှတ်တရစာစုလေးကို ဖတ်ကြည့်စေချင်ပါတယ်။

“ကျနော်နှင့် တာရာမင်းဝေ”

ဂျင်မီ

“သူငယ်ချင်း၊ ငါ့မှာ စာချုပ်ထားတဲ့ အလုပ်နှစ်ခု ရှိသေးတယ်။ အဲဒါတွေ ပြတ်သွားတာနဲ့ ငါလှုပ်ရှားလို့ရပြီ။”

ရွှေဘုန်းက ပြောလိုက်သည်။ စာရေးဆရာ တာရာမင်းဝေဟု နာမည်ကြီးနေသော ရွှေဘုန်းလူသည် ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သလို နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်း ဖြစ်သည်။ အထူးသဖြင့် စာပေအနုပညာတွင် မှော်အောင်ထားသကဲ့သို့ ထူးချွန်သည်။ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက် စာရေးဆရာ တာရာမင်းဝေဟု နိုင်ငံကျော်လာခဲ့သည်။ လူငယ်အများစုက နှစ်သက်လေးစားကြသည်။ ကျနော်က ၂၀၀၅ ဇူလိုင်တွင် လွတ်မြောက်လာခဲ့သည်။ ရွှေဘုန်းနှင့် ကျနော်တို့၏ တွေ့ဆုံပွဲကို မြောက်ဥက္ကလာ ၈၈ မျိုးဆက်များဖြစ်သော ဝင်းအောင်လွင် (ကွယ်လွန်)၊ မင်းလွင်၊ သန်းအောင်၊ မင်းခန့်နှင့် မျိုးကိုမျိုးတို့က မြောက်ဥက္ကလာပမြို့နယ်ခန်းမ စားသောက်ဆိုင်တွင် စီစဉ်ပေးကြသည်။

နှစ်ပေါင်းများစွာ ကွဲကွာနေသော သူငယ်ချင်းနှစ်ယောက် ဝမ်းသာအားရ နှုတ်ဆက်ကြသည်။ ကျန်းမာရေး ပြန်လည်ကောင်းခါစအချိန် ဖြစ်သောကြောင့် သူ စကားများများ မပြောနိုင်။ သို့သော် သူ့စာချုပ်ကိစ္စပြီးလျှင် ကျနော်တို့နှင့်အတူ ဒီမိုကရေစီလှုပ်ရှားမှုများ ထဲထဲဝင်ဝင် ပြန်လုပ်တော့မည်ဖြစ်ကြောင်း ကျနော့်ကို ကတိပေးပါသည်။ ကျနော်ကလည်း အတော်ဝမ်းသာပါသည်။ တာရာမင်းဝေ၏ ပရိသတ်အင်အားကို ကျနော် မျှော်လင့်ထားသည်။ သို့နှင့် ကျနော်တို့နှစ်ယောက် ကိုယ့်အိမ်ကိုယ်ပြန်သွားကြပြီး လပေါင်းများစွာ မတွေ့ဖြစ်တော့။

၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ မနက်တွင် မြောက်ဥက္ကလာ ကိုကံညွန့်က ကျနော့်ထံ ဖုန်းဆက်လာသည်။ တာရာမင်းဝေ ဆုံးသွားပြီဖြစ်ကြောင်း၊ မြောက်ဥက္ကလာဆေးရုံကို အမြန်လာစေလိုကြောင်း ပြောသည်။ ကျနော်လည်း ချက်ချင်းထွက်လာပြီး လမ်းခရီး၌ပင် ကိုသူရ (ဇာဂနာ)၊ ဇော်သက်ထွေးနှင့် မျိုးကိုမျိုးတို့ကို ဆက်သွယ်ကာ အမြန်လာဖို့ အကြောင်းကြားလိုက်သည်။

ကျနော် သူ့ကို တွေ့ရပါသည်။ ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာသည်။ သူ့ကို နှမြောတသနေသော ခံစားမှုက အားကောင်းမောင်းသန် လွှမ်းမိုးနေသည်။ ကျနော်တို့အားလုံး ဈာပနအရေး ဝိုင်း၍ စီစဉ်ကြသည်။ ကျနော်၏စိတ်ထဲတွင် တနုံ့နုံ့နှင့် ခံစားနေရသည်။ သူ၏ကျန်းမာရေးကို ဝိုင်းဝန်းဂရုစိုက် ထိန်းသိမ်းပေးသင့်သည်။ အလုပ်တွေ ဘယ်လောက်များပါစေ သူ့အတွက် သူငယ်ချင်းကောင်းတယောက်အနေဖြင့် အချိန်တခု ပေးသင့်ခဲ့သည်။ အခုတော့ ပြီးသွားရှာပြီ။ အမေဒေါ်လှကြည် (တာရာမင်းဝေ၏ မိခင်) က ကျနော့်ကို မျက်ရည်များဖြင့် ပြောနေသည်။

“သားရယ်။ သူ့ကိုယ်သူ ဂရုမစိုက်ဘူး၊ မင်းကို သူ ကတိပေးထားတဲ့အတိုင်း ဖြစ်လာမယ်လို့ အမေမျှော်လင့်ရင်း ဝမ်းသာခဲ့တယ်။ မင်းကလည်း လာပြီး ဂရုမစိုက်နိုင်ခဲ့ဘူး။”

ကျနော် များစွာစိတ်မကောင်းပါ။ အမေဒေါ်လှကြည်သည် ကျနော်တို့ကိုလည်း သားများအဖြစ် သတ်မှတ်ကာ ချစ်ခင်ပါသည်။ ယခုထိ တွေ့လိုက်တိုင်း မျက်ရည်စမ်းစမ်းဖြင့် တာရာမင်းဝေအကြောင်း ပြောဖြစ်သည်။

၂၀၀၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် တာရာမင်းဝေ၏ ဈာပနကို ရေဝေးသုသာန်တွင် ပြုလုပ်ပါသည်။ ထောင်နဲ့ချီသော ပရိသတ်က လိုက်ပါပို့ဆောင်ကြသည်။ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း အင်ပြည့်အားပြည့် တက်ရောက်ခဲ့ကြသည်။ တိုက်ဆိုင်လွန်းလှသည်။ ၈၈ မျိုးဆက်ကျောင်းသားများ အသုံးပြုသည့် ကဒေါင်းရင်ထိုးတံဆိပ်ကို တာရာမင်းဝေ၏ ဈာပနနေ့မှ စတင်ဝတ်ဆင်ခဲ့ကြသည်။ တာရာမင်းဝေကို ထောပနာပြုသည့် အခမ်းအနား ပြီးဆုံးသောအခါ သူ၏အလောင်းကို မီးသင်္ဂြိုဟ်ရန် သယ်ဆောင်လာခဲ့ကြပါပြီ။ မီးသင်္ဂြိုဟ်စက်နားအထိ ကျနော်လိုက်ပါလာခဲ့သည်။ ပရိသတ်များက အပြင်မှာ ကျန်ခဲ့သည်။ သူ့ကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်တော့မည်။ နောက်ဆုံးအကြိမ် သူ့ကို ကြည့်ခွင့်ပေးနေသည်။ ကျနော့် မသိစိတ်က ကျနော့်အင်္ကျီတွင် ထိုးထားသော ၈၈ တံဆိပ်ကို ဖြုတ်ခိုင်းနေသည်။ ကျနော်၏လက်များက တာရာမင်းဝေ၏ ရင်ဘတ်ဆီ ရောက်သွားကာ တံဆိပ်ကို တပ်ဆင်ပေးနေသည်။ အခေါင်းဖုံးပြန်ပိတ်သွားသည်။ ထို့နောက် တီးတိုးစကားကို ကျနော် ပြန်ကြားနေသည်။

“သူငယ်ချင်း၊ ငါတို့ကို ဆက်ပြီး ကူညီပါကွာ” ဟူ၍ဖြစ်သည်။ အခေါင်းကား မီးသင်္ဂြိုဟ်စက်ထဲ ရောက်သွားလေပြီ။ တာရာမင်းဝေသည်လည်း ကျနော်တို့နှင့်အတူ ဆက်ရှိနေဦးမည်။

(တာရာမင်းဝေ ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အမှတ်တရ စာစုများ၊ ဩဂုတ်၊ ၂၀၁၇)

အောင်ဒင်

//
More News
Up