သံဖြူဇရပ်-ရေးကားလမ်း၌ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ အနည်းဆုံး ၆ ဦး သေဆုံး

မွန်ပြည်နယ် သံဖြူဇရပ်-ရေးကားလမ်းမှာ စစ်ကောင်စီကား ၃ စီးပါ ယာဉ်တန်းကို သြဂုတ် ၄ ရက် မနက် ၁၁ နာရီက မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ ရေး YGF ပြောက်ကျားတပ်ဖွဲ့တို့ ကြားဖြတ် ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။

သံဖြူဇရပ်မြို့ကနေ ရေးဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်ကား Faw ကား ၂ စီးနဲ့ အိမ်စီးကား ၁ စီးကို အောင်သာယာရွာနဲ့ ကနင်ကမော့ရွာကြားမှာ ချုံခို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရေး YGF ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး လက်ထိဒဏ်ရာ ရရှိခဲ့ပြီး ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ ခရီးသွားတွေ သတိရှိကြဖို့၊ စစ်ကောင်စီကားနဲ့ အတူ မသွားလာကြဖို့ မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

အဆိုပါကားလမ်းမှာ စစ်ကောင်စီတပ်တွေ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိတာကြောင့် နှစ်ဖက်ပစ်ခတ်မှုတွေ ထပ်မံဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။

ရေး PDF တွေက ရေး-မော်လမြိုင် ကားလမ်းမှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ ယာဉ်တန်းတွေကို မကြာခဏ ချုံခိုတိုက်ခိုက်ခံနေရတာကြောင့် အထိအခိုက် အကျအဆုံး များပြားနေပြီး အဆိုပါဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီနေ့အထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

//
More News
Up