Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေ
DVB
·
August 4, 2022
296895041_795114231510972_4918172932147920711_n

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း လက်ပံတောင်ကြောကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲငယ်တွေ ရက်ဆက်ဖြစ်ပွားနေတယ်လို့ ဝေလာတောင်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။

ဝေလာတောင်ကျေးရွာဒေသခံတဦးက “တိုက်ပွဲဖြစ်တယ်ဆိုရင် အများစုက ဝေတောင်ကျေးရွာမှာ ဖြစ်တယ်လို့ပဲ ထင်ကြတာ။ အမှန်က ရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ ဝေလာတောင်ကြော လက်ပံတောင်တန်းဘက်မှာ နေ့တိုင်း တိုက်ပွဲငယ်တွေ ဖြစ်နေကြတာ။ ထိုးစစ်ဆင်လို့ ဖြစ်နေတဲ့သဘောရှိတယ်။ လက်နက်ကြီး လက်နက်ငယ်သံတွေ အမြဲတမ်းကြားရတယ်” လို့ ပြောပါတယ်။

သြဂုတ် ၂ ရက် မနက် ၉ နာရီက ရက္ခိုင်တပ်တော် (အေအေ) က နယ်ခြားမှတ်တိုင်အမှတ် ၄၀ အနီးရှိ နယ်ခြားစောင့်စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်မှုအပြီး အခုလို စစ်ကောင်စီဘက်က အေအေအခြေစိုက်ရာ လက်ပံတောင်ကြောကို ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

တောင်ပြိုဒေသခံတဦးက “ဟုတ်တယ်။ ဒီနေ့လည်း နယ်ခြားမှတ်တိုင် ၄၂ နဲ့ ၄၃ ကြား ဆာလေတောင်နားမှာ တိုက်ပွဲဖြစ်ခဲ့ကြတာရှိတယ်။ မနေ့က နေ့လယ်ပိုင်းကလည်း ဖြစ်ခဲ့ကြတယ်။ မနေ့ကဆိုရင် တောင်ပြိုကတောင် လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ ဒီနေ့တော့ မိုးရွာနေလို့ သိပ်မကြားရဘူး” လို့ ပြောပါတယ်။

သြဂုတ် ၂ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာ ကျဆုံးမှုတွေရှိခဲ့ပြီး သြဂုတ် ၃ ရက်နဲ့ ဒီနေ့ သြဂုတ် ၄ ရက်နေ့ ထိတွေ့တိုက်ပွဲတွေမှာ ကျဆုံးမှုတွေ ရှိနိုင်ကြောင်း စစ်ရေးလေ့လာသူတွေထံက သိရပါတယ်။

“မောင်တောဒေသကို စစ်ကောင်စီက စစ်အင်အားတိုးချမှုက များလာနေတယ်။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်လာမယ့်သဘော ရှိနေတယ်။ သြဂုတ်လ ၂ ရက်နေ့ကစပြီး ဒီနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ နောက်လည်း ဖြစ်လာမယ်ထင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေရပ်တန့်နေတာ ၁ နှစ်ကျော်ကြာမြင့်လာပြီးနောက် ရက္ခိုင်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းကစတင်ပြီး တကျော့ပြန်တိုက်ပွဲတွေ မောင်တောဒေသမှာ စတင်ဖြစ်ပွားလာခဲ့ကြတာပါ။

အဲဒီတိုက်ပွဲ​တွေကြောင့် နှစ်ဖက်အထိအခိုက် အကျအဆုံးတွေ ရှိခဲ့ကာကြောင့် နှစ်ဖက် စစ်ရေးတင်းမာလာခဲ့ကြပြီး လက်ရှိ တဖက်နဲ့တဖက် အလျှော့မပေးရင် ရခိုင်မှာ တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီး ပြင်းထန်လာနိုင်တဲ့ အခြေအနေ ရှိနေကြောင်း စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024