Home
မြန်မာသတင်း
စစ်ကောင်စီတပ် အင်အားအများအပြားတိုးလာသဖြင့် ဗန်းမောက်-အင်းတော်လမ်းတွင် စစ်ရေး တင်းမာနေ
DVB
·
August 4, 2022

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အဝင်မှ သြဂုတ် ၃ ရက် ညနေက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗန်းမော်-အင်းတော်ကားလမ်းတကြော စစ်ကောင်စီက စစ်အင်အားအများအပြား တိုးထားပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“မနေ့က ဗန်းမောက်ကနေ အင်းတော်အဝင်တံတားမှာ တိုက်ပွဲဖြစ်ကြတယ်။ ရွာသူရွာသားတွေလည်း အကုန်ထွက်ပြေးကြရတယ်။ ညနေပိုင်းလောက် ပြန်ပြီးသွားတယ်။ ညနေပိုင်း လေးနာရီ၊ ငါးနာရီလောက်မှာ။”

ဗန်းမောက်-အင်းတော် ကားလမ်းတကြော စစ်ကောင်စီက အင်အားအများအပြားနဲ့ ရှိနေတာကြောင့် လမ်းတလျှောက်က ကျေးရွာနေပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ လက်ရှိအချိန် ဗန်းမော်-အင်းတော်ကားလမ်းကိုတော့ ပိတ်ထားတယ်လို့ သိရပါတယ်။

ဗန်းမော်ကားလမ်းတကြောမှာ စစ်ကောင်စီက လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကနေ စစ်အင်အားအများအပြား တိုးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကတည်းကပေါ့၊ ရှီးမော်တိုက်ပွဲပြီးကတည်းကနေ အဲဘက်မှာ စကစတွေ အင်အားတိုးထားတယ်။ လေးရာ၊ ငါးရာလောက်ရှိတယ်။ ဟုမ္မလင်းဘက်မှာပါ တိုက်ပွဲဖြစ်လာတော့ ဗန်းမောက်လမ်းကို ပိတ်ချင်လို့လားတော့ မသိဘူး၊ ဗန်းမောက်ဘက်မှာ အင်အားတွေစုပုံပြီးတော့ ရောက်နေတယ်။”

စစ်ကောင်စီစစ်ကြောင်းဟာ အင်းအားအများအပြားနဲ့ တောင်ကြောတွေမှာ နေရာယူထားတာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာဖို့ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အင်းတော်မြို့နယ်နဲ့ ဗန်းမော်မြို့နယ်တွေမှာရှိတဲ့ ရှမ်းနီတပ်မတော်ဟာ စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေပြီး နယ်မြေကျွမ်းကျင်တာကြောင့် ရှေ့ပြေးအနေနဲ့ လှုပ်ရှားပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဒေသခံ ပြည်သူတွေကနေတဆင့် သိရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အင်းတော်နဲ့ ဗန်းမောက်မြို့နယ်ထဲက KIA၊ ABSDF တပ်ဖွဲ့တွေရော စစ်ရေးလှုပ်ရှားတာရှိတယ်လို့ သိရပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအတွက် လက်နက်နဲ့ ခဲယမ်းမီးကျောက် အကူအညီတွေ လိုအပ်နေပြီး လက်လုပ်သေနတ်တွေနဲ့ တိုက်ပွဲဝင်နေကြရတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁ ရက်နေ့မှာလည်း အင်းတော်ကနေ ဗန်းမော်သွားတဲ့ လမ်းပေါ်က အောင်းကုန်းရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့သလို ၂ ရက်နေ့မှာလည်း မော်တိတ်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024