မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ သြဂုတ် ၃ ရက် မနက်ပိုင်းက PDF-မကွေးနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြောပါတယ်။
PDF-မကွေးရဲ့ တပ်ရင်းမှူး ဗိုလ်သိုက်ထွန်းက “ပေါက်မြို့နယ်မြောက်ပိုင်းက နေရာတခုမှာ သြဂုတ် ၃ ရက် မနက် ၁၁ နာရီလောက်က အင်အား ၁၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်း ကျနော်တို့ဘက်က ကင်းပုန်းနဲ့တိုးပြီး အနီးကပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ။ စစ်(...)တွေဘက်က စက်လတ်နဲ့ အရင်ရမ်းပစ်တာ။ ကျနော်တို့ဘက်က ရပ်/ကျေး ကာကွယ်ရေးရဲဘော်တွေက ရှေ့ထွက်မိုင်းတွေ၊ မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး အထိအခိုက် အကျအဆုံးမရှိဘဲ ဆုတ်ခွာခဲ့ကြတယ်” လို့ ပြောပါတယ်။
"ဒေသခံ မျက်မြင်ရွာသားတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေပြီး ၂ ယောက်ကို ထမ်းသွားတယ်၊ ၁ ယောက်ကိုတော့ တွဲခေါ်သွားတယ်၊ ဒီနေ့ သြဂုတ် ၄ ရက် မနက်ပိုင်းမှာ စစ်(...)အလောင်းတွေကို နွားလှည်းတွေနဲ့ လာသယ်သွားတယ်လို့ ဗိုလ်သိုက်ထွန်းက ဆိုပါတယ်။
ပေါက်မြို့နယ်မြောက်ပိုင်း ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ စစ်ကြောင်းတွေ ထပ်ထိုးလာမှာစိုးလို့ ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေသလို လူဦးရေ ၄၀၀ လောက်ကတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
“စစ်(...)တွေနဲ့ကတော့ ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေတွေနဲ့ ကပ်နေပြီး တဖက်နဲ့တဖက် အခြေအနေ စောင့်ကြည့်နေကြတာ။ စစ်ကြောင်းကတော့ ကားတွေနဲ့လာပြီး အင်အားတွေလာချလိုက် ဆက်တိုက်လုပ်နေကြတာ။ တည်နေရာပေါက်ကြားမှာစိုးလို့ ဒေသခံကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဒုက္ခပေးမှာစိုးလို့ လိုင်းပေါ်မတင်တာ။”
အဲဒီတိုက်ပွဲအတွင်းမှာ သေဆုံးဒဏ်ရာရတဲ့ အခြေအနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသလို ဒီဗွီဘီကလည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။