
ကချင်ပြည်နယ် ဆဒုံးမြို့မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်လမ်းမပေါ်က အင်ဝမ်းကောင့် (N’Wan Kawng) ကျေးရွာမှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူ ၁၀၀ လောက် ဆဒုံး နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းထဲမှာ နေထိုင်နေပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတာလို့ စစ်ရှောင်တဦးက ပြောပါတယ်။
“ဆဒုံးကို ဩဂုတ် ၃ ရက်ပဲရောက်တယ်။ စစ်ဘေးရှောင်လာတဲ့ လူအတော်များများက စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းတွေနားမှာရှိတဲ့ အိမ်ထောင်စုတွေဖြစ်တယ်။ ဘုရားကျောင်းထဲ အမျိုးသား အမျိုးသမီး နေရာချထားပေးဖို့ ခက်ခဲသလို စားဖို့နဲ့ ဆေးဝါးအသုံးအဆောင်တွေ ခက်ခဲနေတယ်။”
အင်ဝမ်းကော့င်ကျေးရွာက စစ်ဘေးရှောင်အိမ်ထောင်စု ၃၀၊ လူဦးရေ ၁၀၀ လောက်မှာ ကလေးသူငယ်တွေနဲ့ အမျိုးသမီး အများဆုံး ပါဝင်ပါတယ်။
ဝိုင်းမော်မြို့နယ်မှာ မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်က ကန်ပိုင်တည်လမ်းမပေါ်က ဆနားကျေးရွာအုပ်စု အင်ဝမ်းကောင့်ကျေးရွာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။