ဥထဲမှာနဲ့ ဗိုက်ထဲမှာ

ခေတ်ပေါ်ကဗျာဟာ ဘယ်ခေတ်နဲ့မှမတူတဲ့ အငြင်းအပွားရဆုံး ကဗျာပါပဲ။ သူက အတိဇာတသားလည်းဖြစ်ပြန် အမိအဘကလည်း တကယ့်ကို ဆွေကြီးမျိုးကြီး မျက်နှာကြီးတွေ ဖြစ်နေပြန်တော့ ခေတ်ပေါ်ကဗျာရဲ့ အရှိန်အဟုန်ဟာ ကောင်းသထက် ကောင်းနေတော့ပြန်တာပေါ့။

ကျနော်မှတ်မိသေးတယ်။ ၁၉၇၀ တဝိုက်ဆီတုန်းက ငွေတာရီ၊ မြဝတီ၊ စစ်ပြန်၊ သွေးသောက်နဲ့ အခြား မဆလအစိုးရနဲ့မကင်းတဲ့ ဒါမှမဟုတ် မဆလသြဇာအောက်မှာရှိတဲ့ မဂ္ဂဇင်းတွေမှာ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂန္ထဝင်ကဗျာရေးဟန်တွေကို တခန်းတကဏ္ဍထားပြီး အားပေးခဲ့တာ၊ ရွေးချယ်ရင်လည်း တျာချင်းတို့၊ လေးချိုး ဒွေးချိုးပုံသဏ္ဌာန်နဲ့ရေးတဲ့ ကဗျာတွေကိုမှ ရွေးပြီး ဖော်ပြတာမျိုးတွေ အင်တိုက်အားတိုက် လုပ်ကြတာပဲ။

ဒီတုန်းကများ မိုးဝေမဂ္ဂဇင်းတခုတည်းမှာပဲ ခေတ်ပေါ်ကဗျာကို အားလုံးနဲ့ဆန့်ကျင်ပြီး ဖော်ပြခဲ့ပါတယ်။ နောက်တော့လည်း အားလုံးသိကြတဲ့အတိုင်း ခေတ်ပေါ်ကဗျာဟာ မျက်မှောက်ခေတ် မြန်မာကဗျာရေစီးကြောင်းရဲ့ ရေစီးအားအကောင်းဆုံး ကဗျာရေစီးကြောင်းတခု ဖြစ်လာခဲ့ပါတယ်။

ကျနော် အထက်ကပြောခဲ့တဲ့ စကားထဲမှာ ခေတ်ပေါ်ကဗျာဟာ အတိဇာတသားဖြစ်တာရယ်၊ အမိအဘက ဆွေကြီးမျိုးကြီးဖြစ်တယ်ဆိုတဲ့ အချက်နှစ်ချက်ကို ကျနော် ပြန်ကောက်ပါ့မယ်။

ပထမ အတိဇာကသားကိစ္စ ပြောရမယ်ဆိုရင် ခေတ်ပေါ်ကဗျာရဲ့ ဖြစ်ပေါ်တိုးတက်မှုက ကဗျာသမိုင်းကို ချိုးဖောက်ပြီးထွက်လာရတဲ့သဘော ရှိပါတယ်။ အစဉ်အလာ ကဗျာ့ဥပဒေသ အတော်များများကို ဆန့်ကျင်ချိုးဖျက်ပြီးမှ ပုံသဏ္ဌာန်သစ်ကို ယူလိုက်တဲ့ကိစ္စဟာ အမိဝမ်းကြာဗိုက်ကို ခွဲပြီးမှ ရှင်သန်ရပ်တည်လာတဲ့သဘောပါ။ အထင်ရှားဆုံး ဥပမာကတော့ နှစ်ပေါင်း ၉၀၀ ကျော် ခိုင်မာစွာ ရပ်တည်လာခဲ့တဲ့ လေးလုံးစပ်အခြေခံကို လုံးလုံးကြီး စွန့်လွှတ်လိုက်တဲ့ကိစ္စနဲ့ ကာရန်စနစ်ကို ပယ်ဖျက်ပစ်လိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။

ပြီးတော့ ခေတ်ပေါ်ကဗျာရဲ့ အမိအဘက ဆွေကြီးမျိုးကြီးဖြစ်တယ်ဆိုတဲ့ ကိစ္စကတော့ ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာအားဖြင့် ခြေကုပ်ယူတဲ့နေရာက လူထုဖြစ်ပါတယ်။ ခေတ်ပေါ်ကဗျာက လူထုရဲ့ရင်ခုန်သံကို လူထုသုံးဝေါဟာရတွေ လူထုသုံး စကားပြောလေသံတွေကို အသုံးပြုပြီးမှ ကဗျာဖြစ်အောင် တီထွင်ထားတာ ဖြစ်ပါတယ်။ လူထုထက်ပိုပြီး ကျယ်ပြန့်တဲ့နေရာ၊ လူထုထက်ပိုပြီး ခန့်ငြားထည်ဝါတဲ့ မိဘဆိုတာကော ရှိနိုင်ပါအုံးမလား။ ခေတ်ပေါ်ကဗျာဟာ လူတွေအကြောင်းကို လူတွေ နေ့စဉ်ပြောဆိုနေကြ စကားလုံးတွေ၊ လေသံတွေနဲ့ပဲ အသုံးပြု ဖော်ပြတာမို့ ကျမ်းဟောင်းထဲက လှမ်းကြည့်ရင် ခေတ်ပေါ်ကဗျာကို ကဗျာလို့တောင်မှ အသိအမှတ်ပြုလို့ မရနိုင်အောင် ဖြစ်တဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။

ဒီနေရာမှာ တင်ပြပုံတင်ပြနည်း ဆင်တူလွန်းတဲ့ ခေတ်ပေါ်ကဗျာနှစ်ပုဒ်ကို ကျနော် ဖော်ပြလိုက်ပါတယ်။ တပုဒ်က ဥရောပက ဂျာမန်ခေတ်ပေါ်ကဗျာတပုဒ်၊ နောက်တပုဒ်က မြန်မာခေတ်ပေါ်ကဗျာတပုဒ် ဖြစ်ပါတယ်။

ဒီကဗျာနှစ်ပုဒ်ရဲ့ တူညီတဲ့အကြောင်းအရာကို အထူးထောက်ပြချင်ပါတယ်။ လူတွေ ကတ္တားဘဝက လျှောကျရတဲ့အဖြစ်၊ လူဟာ လူတစု၊ လူတယောက်၊ ဒါမှမဟုတ် စနစ်တခု၊ ဒါမှမဟုတ် သဘာဝတရားရဲ့ ကြိုးကိုင်စီမံရာခံရတဲ့ ဘဝအနေအထားကို ရေးတဲ့အကြောင်းအရာပါပဲ။ ကိုယ့်ဘဝကို ကိုယ်မပိုင်တဲ့ အပြုခံသတ္တဝါများ ဖြစ်ကြရပုံအကြောင်းပါပဲ။ ဒါပေမဲ့ ထူးခြားတဲ့အချက်က ကဗျာနှစ်ပုဒ်စလုံးမှာ အညံ့ခံ အရှုံးမပေးလိုတဲ့ မဟာလူသားစိတ်ဓာတ်ကို ထင်ဟပ်တဲ့ ကဗျာစာကြောင်းတွေ ပါရှိတာလည်း တွေ့ကြရပါလိမ့်မယ်။ နှိုင်းယှဉ်ခံစားနိုင်ဖို့အတွက် ကဗျာနှစ်ပုဒ်စလုံးကို ဖော်ပြပေးလိုက်ပါတယ်။

ပထမ ဂျာမန်ခေတ်ပေါ်ကဗျာတပုဒ်ကို ဖော်ပြချင်ပါတယ်။

 ဥထဲမှာ

ကျွန်ုပ်တို့သည် ဥထဲ၌ နေကြသည်။
ဥခွံ၏အတွင်းနံရံတပြင်လုံးပေါ်၌
ညစ်ပတ်သောပုံများနှင့်
ကျွန်ုပ်တို့၏ ရန်သူအမည်များ
ရေးဆွဲထားကြသည်။

ကျွန်ုပ်တို့ကို သားဖောက်နေသည်။
ကျွန်ုပ်တို့အား သားဖောက်နေသူသည်
ကျွန်ုပ်တို့၏ ခဲတံများကိုလည်း
သားဖောက်နေသည်။

ဥမှတနေ့ လွတ်လွတ်လာချင်း
ကျွန်ုပ်တို့အား သားဖောက်နေသူ၏
ပုံကို ကျွန်ုပ်တို့ ရေးဆွဲမည်။

ကျွန်ုပ်တို့အား သားဖောက်နေသည်ဟု
ကျွန်ုပ်တို့လက်ခံထားကြသည်။
သဘောကောင်းသောကြက်တကောင်ဟု စိတ်ကူးပြီး
ထိုကြက်မ၏ အရောင်နှင့်အမျိုးကို
ကျောင်းသား စာစီစာကုံးများ
ကျွန်ုပ်တို့ရေးကြသည်။

ဘယ်တော့မှ ကျွန်ုပ်တို့ ဖောက်ထွက်ကြမလဲ
ဥထဲမှ ကျွန်ုပ်တို့၏ ပရောဟိတ်များက
အလယ်အလတ်လစာလေးအတွက်
“X”ဟု ခေါ်သော နေ့တနေ့ကို
တင်ပြလာကြရဲ့။

ပျင်းရိသောကြောင့်အပြင်
အမှန်တကယ်လိုအပ်သောကြောင့်
ကျွန်ုပ်တို့
သားဖောက်စက်များ တီထွင်ပြီးခဲ့ပြီ
ဥထဲရှိ ကျွန်ုပ်တို့၏ရင်သွေးများအတွက်

ကျွန်ုပ်တို့ အလွန်စိုးရိမ်နေကြပါသည်။
ကျွန်ုပ်တို့၏ စက်များကို အသုံးပြုရန်
ကျွန်ုပ်တို့အား စောင့်ရှောက်နေသော
သူမအား အကြံပြုလိုပါသည်။

သို့သော် ကျွန်ုပ်တို့၏ ခေါင်းပေါ် အမိုးရှိပါသည်။
အိုမင်းနေတဲ့ ကြက်ပေါက်စတွေ
ဘာသာစကားစုံ သန္ဓေသားတွေ
တနေကုန်
အကြောင်းအရာမရှိ ပြောဆိုကြပါသည်
၎င်းတို့၏အိပ်မက်များကိုပင်
ဆွေးနွေးကြပါသည်။

နို့
ကျွန်ုပ်တို့အား သားဖောက်နေတာ
မဟုတ်ရင်ကော
အကယ်၍ ဒီဥခွံဟာ
ဘယ်သောအခါမှ မကွဲရင်ကော
အကယ်၍ ကျွန်ုပ်တို့ရဲ့ မိုးကုပ်စက်ဝိုင်းဟာ
ကျွန်ုပ်တို့ရေးခြစ်ရာတွေသာဖြစ်ပြီး
အဲသလိုသာ အမြဲဖြစ်နေရင်ကော
ကျွန်ုပ်တို့အား သားဖောက်နေသည်ဟု
ကျွန်ုပ်တို့ မျှော်လင့်ရပါသည်။

သားဖောက်နေခြင်းအကြောင်းသာ
ကျွန်ုပ်တို့ ပြောဆိုနေသည့်တိုင်
ဥခွံပြင်ပရှိ တဦးဦး
ဗိုက်ဆာနေမည်ကို ထိတ်လန့်ရပါသည်။
ကျွန်ုပ်တို့ကို ဒယ်အိုးထဲ ခွဲပြီး
ဆားဖြူးလိုက်ရင်ကော
အဲဒီအချိန်မှာ ဘာလုပ်ကြမလဲ
ဥထဲက
ကျွန်ုပ်တို့ညီနောင်ရေ….။

(ဂျာမန်ကဗျာဆရာ ဂန်တာဂရပ်စ်ရဲ့ In the Egg ကဗျာကို စောဟန်သိုက် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။)

နောက်တပုဒ်က မြန်မာကဗျာပါ။

ဗိုက်ပူ

အတောင်ပံပါတဲ့ငှက်တွေလို
အိပ်တန်းဆီ အလွယ်တကူ မပြန်နိုင်ပေမယ့်
သာမန်ပြည်သူတွေနဲ့ အတူ
ဘတ်စ်ကားစီးပြီးပြန်ခဲ့တယ်။

ဒီ ဘတ်စ်ကားကြီးကို
“ဗိုက်ပူ ”လို့လည်း ခေါ်ကြတယ်။

ဗိုက်ပူရဲ့ ဗိုက်ထဲမှာ
ခင်ဗျားတို့လည်း ခင်ဗျားတို့အရေး ခင်ဗျားတို့တွေးလို့
ကျွန်တော်လည်း ကျွန်တော့်အရေး ကျွန်တော်တွေးလို့
ရွေးချယ်စရာမရှိတဲ့ ဒီလမ်းမှာ
(လူ့ဘဝဆိုတာလည်း ချိန်းဆိုမထားဘဲ ဆုံခဲ့ကြတာပါပဲလေ)
ခင်ဗျားတို့ တသက်လုံး
ဗိုက်ပူနဲ့နပန်းလုံးခဲ့ရသလို
ကျွန်တော့် တသက်လုံးလည်း
ဗိုက်ပူနဲ့ နပန်းလုံးခဲ့ရပါတယ်။

ဗိုက်ပူရဲ့ ဗိုက်ထဲမှာပဲ
ကျွန်တော်တို့ ဘဝတွေ ငါးပိသိပ် ငါးချဉ်သိပ်
တဦးအပေါ်တဦး ထိတ်လန့်လို့
တဦးအပေါ်တဦး ဖိတ်စဉ်ခဲ့ကြတယ်။

တကယ်တော့ ဗိုက်ပူဟာ
ကျွန်တော်တို့ အသက်တွေကို မောင်းနေတဲ့
ကျွန်တော်တို့ ဘဝတွေကို မောင်းနေတဲ့
ကျွန်တော်တို့ အချိန်တွေကို မောင်းနေတဲ့
အမျိုးအမည်မသိ မော်တော်ကားတစင်းပါပဲ။

ကျွန်တော်ဆင်းရမယ့်
“ဒုက္ခ”လမ်းမထက်က
“သုခ”မှတ်တိုင်ရောက်တော့
ဗိုက်ပူပေါ်က ဆင်းပြီး
ရပ်ကွက်လမ်းကျဉ်းကလေးထဲ ဝင်လိုက်တယ်။
ကျွန်တော့်ရှေ့ကိုက်(၁၀၀)မှာ
ကလေးတွေ ဆော့ကစားနေတာ မြင်လိုက်ရ
မကြာခင်ဆို
နွေဦးပေါက်တော့မယ် “အမေ”။ ။

(ဒါကတော့ မြန်မာကဗျာဆရာ ​မိုဃ်းဇော်ရဲ့ကဗျာ ဖြစ်ပါတယ်။)

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။မိုးဃ်းဇော် ရဲ့ သေတမ်းစာ ကဗျာစာအုပ်

 *၁၉၉၂၊ ဒီဇင်ဘာလ၊ ပင်လယ်မဂ္ဂဇင်း

//
More News
Up