တော်လှန်ရေးလက်ဝါးကြီးအုပ်ခြင်းအစ

မကြာမီကပဲ မိတ်ဆွေတယောက်က စစ်ဘောင်ကျယ်လာပုံအကြောင်းကို ရေးပေးဖို့ ပြောလာတယ်။ ဒီအကြောင်းက ၂၀၁၇ ဇန်နဝါရီ ၁ ရက်နေ့က “လွတ်လပ်ရေး ၆၉ နှစ်၊ ပြည်တွင်းစစ် ၆၉ နှစ်” အထိမ်းအမှတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းဆိုင်ရာ စာတမ်းဖတ်ပွဲမှာ ကျနော်ဖတ်ခဲ့တဲ့ “ကျနော်ပြောချင်တဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး” ကို အကြောင်းပြုပြီး သူက ပြောလာတာ။ ပြန်ပြောရမယ်ဆိုတော့ အဲဒီကာလရဲ့ အကန့်အသတ်ကြောင့် ကျန်ခဲ့တာလေးတွေရယ် စစ်ဘောင်မချဲ့ထွင်မီကတည်းက တော်လှန်ရေး လက်ဝါးကြီးအုပ်ခဲ့ပုံလေး အရင်ပြောချင်တယ်။

စစ်ဘောင်ကျယ်လာခြင်းအကြောင်း မပြောမီမှာ ဦးစွာပြောချင်တာက ဂျပန်တို့ မြန်မာမြေပေါ်က တိုက်ထုတ်ဖို့ လုပ်ဆောင်ကြတဲ့အထဲမှာ ဗမာ့တပ်မတော်သာမက ပြောက်ကျားအဖွဲ့တွေလည်း ပါခဲ့တယ်ဆိုတာက အစပြုပြောချင်တယ်။ အားလုံးကတော့ ဗမာ့တပ်မတော်တခုတည်းလို့ ထင်မှတ်ခဲ့ကြဟန်ပါပဲ။ တကယ်တော့ ပြောက်ကျားအဖွဲ့တွေက ဗမာ့တပ်မတော်နဲ့အတူ ဘုံရန်သူကို လက်တွဲတိုက်ခဲ့ကြတာပါ။ ဒါနဲ့ပတ်သက်ပြီး ပြောရရင် ဂျပန်တွေ မြန်မာ့မြေပေါ်က ဆုတ်ခွာပြီးတဲ့နောက် အင်္ဂလိပ်တို့ရဲ့ စစ်အုပ်ချုပ်ရေး ရောက်ရှိလာချိန်ကစပြီး ပြောရမယ်ထင်တယ်။

စစ်ကြီးပြီးတော့ အင်္ဂလိပ်တို့ရဲ့ စစ်အုပ်ချုပ်ရေးနဲ့ စခဲ့တယ်။ အဲဒါကြောင့် ၁၉၄၅ ဩဂုတ်လ ၁၉ ရက်နေ့မှာတော့ နေသူရိန် လူထုစည်းဝေးပွဲကြီးကို ကျင်းပပြီး စစ်အုပ်ချုပ်ရေး အမြန်ရပ်စဲဖို့ တောင်းဆိုခဲ့ကြတယ်။ အဲဒါအပြင် စိတ်ဝင်စားစရာကောင်းတဲ့အချက်က နေသူရိန် အစည်းအဝေးပွဲ ဆုံးဖြတ်ချက်မှာ “ဗမာ့အမျိုးသားတပ်မတော်နှင့် ပြောက်ကျားအဖွဲ့အစည်းများကို အသိအမှတ်ပြု၍ ဗမာ့တပ်မတော်တွင် ထည့်သွင်းပေးရန်” ဆိုတဲ့ အချက်ပါပဲ။ (၁၉၅၈-၆၂ မြန်မာ့နိုင်ငံရေး ပထမတွဲ စာ-၁၉ ဒုတိယအကြိမ်ထုတ်)

အဲဒီအချက်ထဲမှာ ‘ဗမာ့တပ်မတော်’ ဆိုတာ ဘီဒီအေကို ပြောတာပေါ့။ ဘီဒီအေကို ထပ်ပြီး ဘီအန်အေ Burma National Army (BNA) လို့ အမည်ပြောင်းတယ်။ အင်္ဂလိပ်တို့ကတော့ (Patriot Burma Forces-PBF) လို့ ခေါ်တယ်။ ဒါကိုပဲ ဗမာ့တပ်မတော်လို့ ရည်ညွှန်းခဲ့တာပါ။ ‘ပြောက်ကျား’ တပ်ဖွဲ့ ဆိုတာကတော့ အင်္ဂလိပ်တပ်ဖွဲ့ ၁၃၆ နဲ့ ဆက်သွယ်ထားတဲ့ သခင်သန်းထွန်း၊ သခင်ဘဟိန်းတို့ ဦးဆောင်သော ရဲခေါင်ပြောက်ကျားများ၊ ဦးညိုထွန်း ဦးဆောင်တဲ့ ရခိုင်ပြောက်ကျားများ၊ ကရင်အမျိုးသား ပြောက်ကျားတပ်ဖွဲ့များကို ပြောတာပါ။

ဒီအချက်တွေကို ထောက်ကြည့်တော့ ဂျပန်ကို တိုက်ထုတ်ရာမှာ ပြောက်ကျားအဖွဲ့နဲ့ ဗမာ့တပ်မတော်အဖွဲ့ နှစ်ဖွဲ့ဖြစ်နေတာကို ဖော်ပြထားတာလို့ ယူဆနိုင်တယ်။ နေသူရိန် လူထုစည်းဝေးပွဲမှာ ဒီဆုံးဖြတ်ချက် ထည့်ရတာကလည်း မောင့်ဘက်တန်နဲ့ ဆွေးနွေးကြတဲ့အခါ တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးအဖွဲ့တွေ မကျန်ရစ်အောင် မျှတစွာ စီမံဆုံးဖြတ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဒီလိုလုပ်ရတာကလည်း စစ်တွင်းကာလ သခင်အောင်ဆန်းက ဗမာ့တပ်မတော်ရဲ့ သေနာပတိဖြစ်၊ အင်္ဂလိပ်ဗိုလ်ချုပ်ကြီးဆလင်းနဲ့ ဆွေးနွေးချိန်ကတည်းက တပ်မတော်အသစ် ဖွဲ့စည်းမယ့်အကြောင်းကို သခင်အောင်ဆန်း သိပြီးဖြစ်တယ်။ အဲဒီအချိန်ကတည်းက သခင်အောင်ဆန်းက သူ့တပ်မတော်ကို အဖွဲ့လိုက် ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့တာ။

ပြီးတော့ အဲဒီလိုဖွဲ့စည်းရာမှာ ပြောက်ကျားအုပ်စုတွေ ကျန်ခဲ့မှာကို သူ စိုးရိမ်နေဟန်ရှိပါတယ်။ တပြိုင်တည်းမှာပဲ ပြောက်ကျားအုပ်စုနဲ့ ဗမာ့တပ်မတော်ရဲ့ တင်းမာမှုတွေ အဆင်မပြေမှုတွေကို သိပြီးဖြစ်တယ်။ ဒါကြောင့်လည်း နေသူရိန်စည်းဝေးပွဲမှာ “ဗမာ့တပ်မတော်နဲ့ ပြောက်ကျားအဖွဲ့အစည်းများကို အသိအမှတ်ပြု၍ ထည့်သွင်းပေးရန်” လို့ ပြောကြားခဲ့တာလို့ ဆိုနိုင်ပါတယ်။

အင်္ဂလိပ်တို့ကလည်း ဗမာ့တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီး ဗမာ့တပ်မတော် ဖွဲ့စည်းရာမှာ ရင်ဆိုင်ရနိုင်ခြေ ရှိတာတွေကို လေ့လာခဲ့ကြတယ်။ HQ CAS (B) Intelligence 12 SEAC. IOR: L/WS/I/840 ပါ ရည်ညွှန်းချက်အရ “ဗမာ့အမျိုးသားတပ်မတော်နဲ့ ပြောက်ကျားတပ်ဖွဲ့တို့ ဆက်ဆံရေး မပြေလည်ကြ” လို့ ဆိုပါတယ်။ ဒီအချက်ကိုကြည့်ရင် ဂျပန်ကို တော်လှန်ရာမှာ ဗမာ့တပ်မတော်အပြင် ပြောက်ကျားအဖွဲ့တွေ၊ ရဲခေါင်ပြောက်ကျားအဖွဲ့တွေဟာ သီးခြားရပ်တည်ပြီး ဘုံရန်သူကို အတူတကွ တိုက်ပွဲဝင်ခဲ့ကြတယ် ဆိုတာကို ဖော်ပြနေတယ်။

အဲဒီပြောက်ကျားတပ်ဖွဲ့တွေနဲ့ ဗမာ့တပ်မတော်တို့ မပြေလည်ကြတဲ့ အကြောင်းကိုတော့ IOR ထောက်လှမ်းရေးအစီရင်ခံစာမှာ ဖော်ပြထားတယ်။ တော်လှန်ရေးပြီးလို့ ဗမာ့တပ်တော်ကို ဖွဲ့စည်းဖို့ နိုင်ငံအရပ်ရပ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက အချို့ ဖျက်သိမ်းကြရမှာ ဖြစ်တယ်။ တပ်ဖွဲ့အချို့ ဖျက်သိမ်းပြီးတဲ့နောက် စခန်းသိမ်းပွဲတွေ ကျင်းပပြီး နှုတ်ဆက်ပွဲတွေ၊ ဂုဏ်ပြုပွဲတွေ လုပ်ကြတယ်။ တပ်စစ်ဆေး ဖျက်သိမ်းရေးစခန်းမှာ ဗမာ့တပ်မတော်နဲ့ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့တို့ ပြဿနာဖြစ်ခဲ့ကြောင်းကိုလည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားတယ်။

ဖြစ်ပုံက တော်လှန်ရေးအပြီး တပ်စစ်ဆေးဖျက်သိမ်းရေး လုပ်ခဲ့ကြရတယ်။ အဲဒီလို တပ်ဖျက်သိမ်းရေးစခန်းမှာ တပ်ဖျက်သိမ်းရေးနဲ့ ဂျပန်တော်လှန်ရေး အောင်ပွဲခံသဘင် ကျင်းပခဲ့တယ်။ တပ်ကထွက်ရမယ့် နှစ်ဖက်လုံးက ရဲဘော်တွေဟာ ဂုဏ်ပြုခံပွဲသဘင်နဲ့ တပ်ထွက် နှုတ်ဆက်ပွဲအတွက် ‘ညောင်ခြေထောက်ရွာ’ ကို ရောက်ရှိလာခဲ့ကြတယ်။ အောင်ပွဲခံ ဂုဏ်ပြုသဘင် ဖြစ်တဲ့အတွက်လည်း ပြောက်ကျားရဲဘော်တွေသာမက ဗမာ့တပ်မတော်က ထွက်ခွာကြမယ့် ရဲဘော်တွေလည်း တပျော်တပါး ရောက်ရှိလာခဲ့တယ်။

တပ်က ထွက်ခွင့်ရခဲ့တဲ့ ပြောက်ကျားရဲဘော်တွေနဲ့ ဗမာ့တပ်မတော်က ရဲဘော်တွေအတွက် စုပေါင်းပြီး အငြိမ့်ပွဲသဘင်နဲ့ ဖျော်ဖြေပွဲ လုပ်ပေးခဲ့တယ်။ အဲဒီပွဲမှာ အငြိမ့်မင်းသမီးက တော်လှန်ရေးကာလအတွင်း တောင်ငူ၊ ဖြူးတဝိုက်မှာ ရေပန်းစားခဲ့တဲ့ ‘ပြောက်ကျားတပ်ဖွဲ့’ သီချင်းနဲ့ ဂုဏ်ပြုကပြ သီဆိုတာပေါ့။ ဒီဒေသတွေမှာက ဂျပန်တော်လှန်ရေးလုပ်တာ ရဲခါင်ပြောက်ကျားတွေလို့ပဲ လူထုက သိထားပေတာကိုး။ ဒီတော့ မင်းသမီးက ‘ရဲခေါင်ပြောက်ကျားတပ်ဖွဲ့’ သီချင်းကို သီဆိုပြီး ဂုဏ်ပြုတာပေါ့။ အဲလို ‘ရဲခေါင်ပြောက်ကျား’ သီချင်းနဲ့ သီဆိုဖျော်ဖြေနေစဉ်မှာပဲ ဘီဒီအေတပ်ဖွဲ့ရဲ့ ‘ဗိုလ်ဗလ’က… 

“ဟေ့ သီချင်းဆိုတာ ချက်ချင်းရပ်။ ဒီသီချင်းကို မဆိုနဲ့။ ငါတို့က ပြောက်ကျားဗိုလ်တွေ မဟုတ်ဘူး။ ဘီဒီအေဗိုလ်တွေကွ။ ပွဲကိုပါ ချက်ချင်းရပ်” လို့ အမိန့်ပေးလိုက်တာကြောင့် အငြိမ့်မင်းသမီးလည်း အငြိမ့်ဆက်မကရဲတော့ဘဲ ပွဲကို ရပ်လိုက်ရတယ်။ အဲဒီမှာတင် ရဲခေါင်ပြောက်ကျားရဲဘော်တွေနဲ့ ဘီဒီအေရဲဘော်ဟောင်းတွေ အချေအတင်ဖြစ်ပြီး တင်းမာခဲ့ကြတယ်။ ဒါကြောင့် တပ်တွေကို ညတွင်းချင်း စခန်းပါ ရွှေ့ပြောင်းခဲ့ကြတယ်။ အဲဒီအချိန်ကတည်းက ဗမာ့တပ်မတော်ဟာ တော်လှန်ရေးကို လက်ဝါးကြီးအုပ်လိုစိတ် ရှိခဲ့တယ်ဆိုတာကို ဒီဖြစ်ရပ်က သက်သေပြနေတယ်။ ဒါကြောင့်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်ကြီးစိုးခဲ့ချိန်ကစပြီး ပြောက်ကျားရဲဘော်တွေ အကြောင်းနဲ့ ဒီဖြစ်ရပ်တွေကို တပ်မတော်သမိုင်းမှာ ရည်ရွယ်ချက်ရှိရှိ ဖျောက်ကွယ်ထားခဲ့ဟန် ရှိပါတယ်။

ပြောချင်တာက ဂျပန်ကို တော်လှန်တာဟာ ဗမာ့တပ်မတော်အမည်ခံ တခုတည်းမဟုတ်ဘဲ ရဲခေါင်ပြောက်ကျားတွေ၊ လူမျိုးစုပြောက်ကျားတွေလည်း ပါခဲ့တယ်ဆိုတာပဲ။ ဒီအပြင် တပ်စစ်ဆေးစခန်းသိမ်းပွဲမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက အဲဒီအချိန်ထဲက ‘ဗမာ့တပ်မတော်အမည်ခံအဖွဲ့’ ဟာ ‘တော်လှန်ရေးလက်ဝါးကြီးအုပ်ခြင်းကို စတင်ခဲ့တယ်’ လို့ ဆိုနိုင်တယ်။ သိမီခဲ့သူတွေကလည်း ‘တပ်မတော်က တော်လှန်ရေးကို လက်ဝါးကြီးအုပ်ခဲ့တယ်’ လို့ တီးတိုးပြောခဲ့တာတွေလည်း ရှိပါတယ်။ ဒါတွေကိုသိထားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က “စစ်တပ်ကျေးဇူး မူးလို့တောင် ရှူစရာမရှိ” လို့ ဆိုခဲ့ဟန်ပါပဲ။ တကယ်တိုက်ခဲ့ရတာကလည်း ပဲခူးရိုးမတဝိုက်မှာ ရဲခေါင်ပြောက်ကျားအဖွဲ့နဲ့ ရခိုင်မှာ အင်္ဂလိပ်တပ် ၁၃၆ နဲ့ ဆက်ထားတဲ့ ရခိုင်ပြောက်ကျားတွေပဲ မဟုတ်လား။

ဒီအချက်တွေကြောင့်လည်း သခင်အောင်ဆန်းက သူ အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်အဖြစ် မပြောင်းမီမှာ သူ့နေရာကိုထားဖို့ အမှန်တကယ် တိုက်ခဲ့ရတဲ့ ရဲခေါင်ပြောက်ကျား ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ သခင်ဘဟိန်းကို ကွန်မြူနစ်ပါတီဆီကနေ တောင်းခံခဲ့ဟန်ရှိတယ်။ သခင်ဘဟိန်းကို တောင်းတာမရတော့ နောက်ထပ် ရဲခေါင်ပြောက်ကျား ခေါင်းဆောင်တဦးဖြစ်တဲ့ သခင်သန်းဖေကိုကို ထပ်ဆင့်တောင်းဆိုခဲ့သေးရဲ့။ သခင်သန်းဖေကိုလည်း တောင်းမရတဲ့အဆုံးမှ ဗိုလ်လက်ျာကို သူ့နေရာဆက်ခံသူအဖြစ် ထားခဲ့တာလို့ သမိုင်းတွေမှာ ဖော်ပြခဲ့တယ်။

အခုဖော်ပြခဲ့တာတွေက သမိုင်းသင်ခန်းစာ ယူနိုင်ဖို့ပါပဲ။ ဗမာတပ်ဟာ စစ်ဘောင်မချဲ့နိုင်သေးတဲ့ ကာလအတွင်းမှာတည်းက တော်လှန်ရေးကို လက်ဝါးကြီးအုပ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာကို တွေ့ရတယ်။ နောက်ဆုံး ‘ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့’ ကိုတောင် ‘တပ်မတော်နေ့’ လုပ်ခဲ့တဲ့အထိ လက်ဝါးကြီးအုပ်ခဲ့တာကို စာရှုသူကိုယ်တိုင် ကိုယ်တွေ့ကြုံခဲ့ရပြီ မဟုတ်ပါလား။ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာတော့ ဗမာ့တပ်မတော်ဟာ မတင်းတိမ် မရောင့်ရဲနိုင်လောက်အောင် လောဘတက်လာပြီး စစ်ဘောင်ချဲ့ဖို့ စတင်လုပ်ဆောင်ခဲ့တော့တာပါပဲ။

ကဲ.. ဒီလောက်ဆိုရင် ဗမာ့တပ်မတော်ရဲ့ စိတ်ရင်းအမှန်၊ စရိုက်အမှန်ဟာ ဘာလဲဆိုတာ သိလောက်ပါပြီ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာတော့ ရဲခေါင်ပြောက်ကျား အုပ်စုတွေကလည်း တောခိုသွားကြတော့ သမိုင်းကို သူတို့စိတ်ကြိုက် ဖော်ပြကြပြီး တပ်တော်ကို အမွှမ်းတင်ရင်း ဗမာ့နိုင်ငံရေးမှာ စစ်ဘောင်ချဲ့ဖို့ ပြည်တွင်းစစ်မီးကို လိုအပ်သည်ထက် ပိုတောက်လာအောင် လောင်စာထည့်ပေးလိုက်ကြတော့တာပါပဲ။

ဒီနည်းနဲ့ စစ်ဘောင်ဟာ တဖြည်းဖြည်း ကျယ်လာခဲ့တော့တာပါပဲ။ ဒီနေ့ နွေဦးတော်လှန်ရေးမှာလည်း သမိုင်းအချက်တွေကို ထောက်ချင့်ပြီး သင်ခန်းစာယူရင်း အစစ ဆင်ခြင်စဉ်းစား လုပ်ဆောင်နိုင်ကြပါရန် တင်ပြလိုက်ရပါတယ်။

နွေဦးတော်လှန်ရေး မုချအောင်ရမည်။

ဂန္ထဝင်မောင်တူး

//
More News
Up