
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာနေထိုင်တဲ့ အမျိုးသားတယောက်ကို မြန်မာကျပ်ငွေအတု ရောင်းဝယ်မှုနဲ့ ရဲတပ်ဖွဲ့က ဇူလိုင် ၃၀ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
လူမှုကွန်ရက်အွန်လိုင်းကနေတဆင့် မြန်မာကျပ်ငွေတွေအတုတွေ ဝယ်ရောင်းနေတယ်လို့ နီးစပ်သူတစ်ဦးက ထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။
“ဓားကိုင်ပြီး ရပ်ကွက်ထဲ သောင်းကျန်းနေတဲ့သူကို ရဲကဖမ်းပြီး စစ်လိုက်တာ အဲ့ဒီလူလက်ထဲမှာ တစ်သောင်းတန် ပိုက်ဆံအတုတချို့ တွေ့တယ်။ ထပ်ပြီးစစ်လိုက်တော့ ငွေတုရောင်းတဲ့သူကို သူက ဖော်ချလိုက်တယ်။ အဲ့ဒါနဲ့ပဲ ရဲကဖမ်းမိတာ”လို့ မြို့ခံတစ်ဦးကဆိုပါတယ်။
မြန်မာကျပ်ငွေအတုကို လူမှုကွန်ရက်ကနေတဆင့် ဝယ်ရောင်းလုပ်နေသူဟာ လားရှိုးမြို့၊ ရပ်ကွက်(၄)၊ နယ်မြေ (၂)နေထိုင်တဲ့ စိုင်းသူထွန်း ဖြစ်တယ်လို့ သိရပါတယ်။
သူဟာ ကျပ်ငွေအတု ၅ သိန်းကို ၁ သိန်းကျပ်နဲ့ အွန်လိုင်းကနေ တဆင့်ဝယ်ယူပြီး တခြားလိုချင်တဲ့သူတွေကို ရောင်းချပေးနေတာဖြစ်ပြီး သက်သေခံပစ္စည်းတချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူကဆိုပါတယ်။
အခုလက်ရှိ ငွေစက္ကူအတု ဝယ်ယူရောင်းချသူနဲ့ လက်ဝယ်ဖမ်းမိသူ နှစ်ယောက်စလုံးကို တရားစွဲဆို အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေစက္ကူအတုပြဿနာဟာ မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဖြစ်ပွားနေပြီး ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာတွေ မရှိသေးဘူးလို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။