Home
ဆောင်းပါး
စစ်ဖိနပ်အောက်က နိုင်ငံတော်၏ တတိယအကြိမ် စီးပွားရေးအညွန့်ကျိုးခြင်း
DVB
·
August 1, 2022

လွတ်လပ်ရေးရပြီးတဲ့‌နောက် ၁၀ နှစ်ကျော်ကာလအတွင်း အရှေ့တောင်အာရှရဲ့ အတောက်ပဆုံးနိုင်ငံ ဖြစ်ခဲ့ပြီး အာရှရဲ့ စပါးကျီအဖြစ် တင်စားခံခဲ့ရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ အခွင့်ထူးခံ စစ်မိစ္ဆာဘီလူးတွေရဲ့လက်အောက် ကျရောက်ခဲ့ရာက ဒီကနေ့ မျက်မှောက်ကာလအထိ နှစ်ပေါင်း ၆၀ အတွင်း ၃ ကြိမ် ၃ ခါတိုင်တိုင် တိုင်းပြည်စီးပွားရေး အညွန့်ချိုးဖျက်ဆီးတာ ခံခဲ့ရပါတယ်။

ပထမအကြိမ် တိုင်းပြည်စီးပွားရေး အညွန့်ချိုးခဲ့သူကတော့ အားလုံးသိကြပြီးတဲ့အတိုင်း ကိုယ်ကျင့်သီလ မကောင်းတဲ့အပြင် သန္ဓေဆိုးယုတ်တဲ့ စစ်အာဏာရှင်နေဝင်း ဖြစ်ပါတယ်။ နိုင်ငံရေးအမြင်သဘောထား ကွဲလွဲကြလို့ ညီညွတ်ရေး ပျက်ပြားနေတာကို အခွင့်ကောင်းယူပြီး ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ ပါလီမန်အစိုးရထံကနေ နိုင်ငံတော်အာဏာ ၃ ရပ်ကို လက်နက်အားကိုးနဲ့ လုယူခဲ့ပြီးတဲ့နောက် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ် တည်ဆောက်မယ်ဆိုပြီး နိုင်ငံရဲ့စီးပွားရေးအညွန့်တွေကို မိုက်မဲရမ်းကားစွာ ချိုးခဲ့ကြတာ ဖြစ်ပါတယ်။

စာရိတ္တမကောင်းတဲ့ မူလပထမစစ်အာဏာရှင်နေဝင်းဟာ အကျင့်မကောင်းတဲ့ နောက်လိုက် စစ်ဗိုလ်လူမိုက်တသိုက်ကို ခေါင်းဆောင်ပြီး ၁၉၆၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့‌ မျက်နှာဖုံးစွပ်လို့ ရေနံလုပ်ငန်းတွေကို စတင်သိမ်းယူခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ပြည်တွင်းပြည်ပ ကူသန်းရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ငန်း‌တွေ၊ ဘဏ်လုပ်ငန်းတွေနဲ့ အမြတ်အစွန်းကြီးမားတဲ့ လုပ်ငန်းမှန်သမျှဟာ အာဏာသိမ်းပြီး ၂ နှစ်အကြာမှာ ပြည်သူပိုင်သိမ်းယူခံရလို့ စစ်တပ်က နိုင်ငံစီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ပြီး အညွန့်ချိုးခဲ့ကြတာဖြစ်တယ်။

အဲ့ဒီလို သူခိုးကို ဘဏ္ဍာစိုးခန့်သလို စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းတွေ ထင်တိုင်းဖျက်ဆီးခဲ့ကြတော့ တချိန်က အိမ်နီးချင်းနိုင်ငံတွေ အားကျရပြီး မော့ကြည့်ခဲ့ရတဲ့ မြန်မာနိုင်ငံဟာ တပါတီအာဏာရှင် စစ်ဖိနပ်အောက်မှာ စီးပွားရေးအညွန့်ကျိုးပြီး ၁၉၈၇ ခုနှစ်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်း သွင်းခံရပြီး နိုင်ငံဟာ ဆင်းရဲခဲ့ပေမဲ့ အာဏာရှင်နေဝင်းနဲ့ စစ်ဗိုလ်ယုတ်တွေ ဆွစ်ဇာလန်နိုင်ငံမှာ ဘဏ်အကောင့်ဖွင့်လို့ ခိုးဝှက်ချမ်းသာခဲ့ကြတယ်။

ဒုတိယအကြိမ် တိုင်းပြည်စီးပွားရေး အညွန့်ချိုးခံခဲ့ရတာကတော့ တပါတီစစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကို သေနတ်နဲ့ဖြိုခွင်းပြီး အာဏာထပ်လုယူခဲ့တဲ့ နဝတ/နအဖအမည်ခံ စစ်အုပ်စုထဲက ဇာတ်တူသားစားပြီး အာဏာရှင်လက်သစ် သန်းရွှေတို့လက်ထက်မှာ စစ်အခွင့်ထူးခံအသိုင်းအဝိုင်းတွေ၊ စစ်ဓားပြအုပ်နဲ့ ဝိသမလောဘသား စီးပွားရေးသမားတွေဟာ၊ ဖောက်ပြန်တဲ့ ပညာတတ်တွေ အကျင့်ပျက်ဝန်ထမ်း‌တွေပါပဲ။

သူတို့ဟာ တက်ညီလက်ညီနဲ့ နိုင်ငံရဲ့ မြေပေါ်မြေအောက် သဘာဝသယံဇာတတွေ၊ သစ်တောကြီးတွေ၊ နိုင်ငံပိုင် ပြည်သူပိုင် မြေယာတွေကို အသေကောင်ပုပ်ပေါ် လင်းတတွေ လုယက်အုံဖွဲ့ စားသောက်ကြသလို သံသရာကြွေးပါမယ့် ခိုးဆိုးလုယက်မှုကို ဗြောင်ကျူးလွန်ပြီး ပြည်သူ့မျက်ရည် သွေးချွေးတွေကို စတေးပြီး ယုတ်မာမှုနဲ့ ချမ်းသာခဲ့ကြပါတယ်။

တတိယအကြိမ် တိုင်းပြည်ရဲ့စီးပွားရေးကို အညွန့်ချိုးခဲ့သူကတော့ အားလုံးသိကြတဲ့အတိုင်း အဝီစိကိုသွားရဖို့ သူမလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ သမ္မတရူး မအလနဲ့‌ စစ်ရာဇဝတ်သား အကြမ်းဖက်ကောင်စီတို့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ မိုက်မဲရမ်းကားစွာ အာဏာလုယက် ဓားပြတိုက်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ၅ နှစ်ကျော်က NLD ပြည်သူ့အစိုးရနဲ့ လူထု အတူတကွ ပျိုးထောင်ထားခဲ့လို့ အညွန့်တလူလူထွက်စ မြန်မာနိုင်ငံဟာ တတိယအကြိမ်မြောက် စီးပွားရေး အညွန့်ကျိုးသွားခဲ့ရပြန်တာ ဖြစ်ပါတယ်။

လက်နက်အားကိုး စစ်အခွင့်ထူးခံ ဓားပြအုပ်ရဲ့ အာဏာလုအပြီး ၁ နှစ် ၅ လကျော် ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတွင်းကနေ ပြင်ပကို ပြောင်းရွှေ့လျော့ပါးကျဆင်းမှု (Capital Drain) အကြီးအကျယ် ဖြစ်ခဲ့ရုံသာမက ယခုချိန်ခါမှာ ရှင်နည်းရာ အဂ္ဂလူထွက်သလို ဆိုတဲ့စကားလိုပဲ မြန်မာနိုင်ငံထဲကနေ ဓနဥစ္စာ ငွေကြေးအရင်းအမြစ်တွေ ပြည်ပကို ဒလဟော ယိုစီးထွက်နေကြပြီ ဖြစ်ပါတယ်။

အခုဆို မြန်မာငွေကြေး မခိုင်မာတာအပြင် စစ်အကြမ်းဖက်ကောင်စီရဲ့ အာဏာမထိန်းနိုင်ဘဲ မနိုင်မနင်းဖြစ်လာတဲ့ အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အချက်အချာကျတဲ့ နေရာတွေမှာ ယိုးဒယားဘတ်ငွေ သန်းပေါင်းမီလျံချီတဲ့ ကွန်ဒိုမီနီယံအိမ်ခန်းတွေ၊ အိမ်ခြံဝင်း၊ ဘန်ဂလိုတွေကို မြန်မာပြည်က ခရိုနီသူဌေး အကြီးအငယ် အရွယ်အလတ်အစုံနဲ့ အကျင့်ပျက်ခြစားဝန်ထမ်းတွေ၊ ပေါင်းစားခဲ့ကြတဲ့ ခေတ်ပျက်သူဌေးတွေရဲ့ ခိုးရာပါ တိုက်ရာပါ ဓနဥစ္စာ ငွေကြေးအရင်းအမြစ်တွေ အလုံးအရင်းနဲ့ ဝယ်ယူနေကြပြီ ဖြစ်ပါတယ်။

ပြည်တွင်းမှာ အသက်နဲ့ဘဝ လုံခြုံမှုမရှိတော့တာမို့ မြန်မာပြည်ထဲက ရိုးရိုးသားသား ချမ်းသာလာသူ အနည်းစုနဲ့ ခိုးစားပေါင်းစား ချမ်းသာလာတဲ့ လူများစု အသိုင်းအဝိုင်းတွေဟာ နိုင်ငံရပ်ခြားကို အထုပ်အထည်ပိုက်လို့ ထွက်ပြေးနေကြတာမို့ နိုင်ငံရဲ့ ငွေကြေးအရင်းအမြစ်တွေ ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။

အဲ့ဒါအပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် တနှစ်အတွင်းမှာပဲ မြန်မာနိုင်ငံအတွင်းမှာ ရှိခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းပြီး ပြန်လည်ထွက်ခွာသွားတာဟာ နိုင်ငံပေါင်း ၁၄ နိုင်ငံက ကုမ္ပဏီပေါင်း ၂၅ ခုအထိရှိကြောင်း ပြည်တွင်းသုတေသန အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရှိရပါတယ်။

အဲ့ဒီကုမ္ပဏီတွေထဲတွင် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော၊ ဂျပန်တိုယိုတာကားကုမ္ပဏီ၊ ကီရင်ဘီယာလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းလုပ်တဲ့ အဒန်နီ (Adani) ကုမ္ပဏီ၊ ကမ္ဘာကျော် ရေနံကုမ္ပဏီ‌တွေဖြစ်တဲ့ တိုတယ် (Total)၊ ချက်ဗရွန် (Chevron)၊ ဝုဆိုဒ် (Wood side) တို့ အပါအဝင် ဖြစ်ပါတယ်။

အဲ့ဒါအပြင် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာခြင်း မရှိသေးပေမဲ့လည်း ဖက်စစ်တပ်ပိုင်ကုမ္ပဏီများ ဖြစ်ကြတဲ့ မြန်မာ့စီးပွားရေးဦးပိုင် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပါအဝင် နိုင်ငံပိုင်လုပ်ငန်းတချို့မှာ လက်တွဲလုပ်ဆောင်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီ POSCO သံမဏိထုတ်လုပ်ငန်းတခုကို ရပ်ဆိုင်းခဲ့သလို စင်ကာပူကုမ္ပဏီ PUMA ကလည်း နိုင်ငံပိုင်လုပ်ငန်းတခုဖြစ်တဲ့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) နဲ့ လေယာဉ်ဆီတင်သွင်းတဲ့ ဖက်စပ်လုပ်ငန်းကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက ရပ်နားခဲ့ပါတယ်။

‌ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် သာဝတို့ စစ်ဓားပြတွေနဲ့ ဖောက်ပြန်တဲ့ ပညာတတ်အသိုင်းအဝိုင်းတွေ၊ အကျင့်ပျက် နိုင်ငံဝန်ထမ်း ပြည်သူ့ဝန်ထမ်း အရာရှိ အရာခံ‌ဆိုးတွေ၊ ဝိသမလောဘသား စီးပွားရေးသမား ခရိုနီ ခရိုပြာ ခရိုနက် အကြီးအလယ် အငယ်အရွယ် အမျိုးမျိုးနဲ့ လူ့လောက်လန်းတွေဟာ  ပြည်သူတွေ မျက်ရည်ကြီးငယ်ကျလို့ရတဲ့ ဓနဥစ္စာ ခိုးရာပါတွေနဲ့ ချမ်းသာတာကိုပဲ သူတို့လုပ်ကိုင်တတ်လို့ ချမ်းသာသယောင် ရသေ့စိတ်ဖြေတွေးလို့ အပြစ်မရှိသယောင် အများမိုးခါးရေသောက်လို့ လိုက်သောက်ရသလို ပြောဆိုရင်း နိုင်ငံ့စီးပွားရေးကို တတိယအကြိမ် အညွန့်ချိုးခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးဟာ နိုင်ငံရဲ့ ဘုံရန်သူ ဖက်ဆစ်စစ်အုပ်စုနဲ့ လက်ပါး‌စေ လူရှင်ရဟန်းမိုက်တွေ၊ Non CDM ‌အကျင့်ပျက်ဝန်ထမ်းတွေ၊ မျိုးညစ်ဘာသာညစ်တွေ၊ ရန်ငါစည်းမပြတ်ဘဲ ဓမ္မနဲ့ အဓမ္မကြား ခြံစည်းရိုးခွထိုင်သူတွေ၊ လူ့အဖွဲ့အစည်းက လက်မခံထိုက်တဲ့ စစ်ရာဇဝတ်မှုကြီး‌တွေ ကု‌ဋေကုဋာ ကျူးလွန်‌နေတဲ့ စစ်တပ်အသိုင်းအဝိုင်းကို မိတ်ဝတ်မပျက် ဆက်လက်ခံထားသူတွေကို မီးမောင်းထိုးပြခဲ့ပါပြီ။

တိုင်းပြည်ရဲ့ စီးပွားရေး အညွန့်အတက်ကို ၃ ကြိမ်တိုင်တိုင် ချိုးခဲ့ပြီး မိုက်ရိုင်းတဲ့ ဖက်ဆစ်စစ်တပ်ကို ထွားကျိုင်းအောင်‌ ကပ်ရပ်ပေါင်းစားခဲ့ကြ၊ ထောက်တိုင်လုပ်ပေးခဲ့ကြတဲ့ အမှုတွဲတွေ၊ အယုတ်တမာ စစ်အသိုင်းအဝိုင်းကို ခုထက်ထိ လက်ခံထားတဲ့သူ မှန်သမျှဟာ သမိုင်းတရားခံစာရင်းဝင်နေတာကို အမြန်ဆုံး မပြုပြင်ရင်တော့ စစ်အခွင့်ထူးခံ အဆိပ်ပင်ကြီး မကြာခင် ပြိုလဲခန်းရောက်ရင်တော့ ခိုတွယ်ရှင်သန်နေတဲ့ ကပ်ပါးမျောက်တွေဟာ အဆိပ်ပင်ပိတာ ခံရမှာဖြစ်သလို ပြည်သူလူထုရဲ့ အပြစ်ပေးတဲ့ဒဏ်ကို ဆက်ခံကြရဦးမှာဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024