
ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်အား အနောက်ပိုင်းခရိုင် ၃ ခုထဲမှာ စစ်တပ်နဲ့ ရဲတွေပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းမိသူတွေထဲမှာတော့ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ပါဝင်ပြီး ထောင်ဖာဖွန်၊ ဆွိုင်ယော့ခ်နဲ့ ဆန်ခလာဘူရီခရိုင်တွေထဲမှာ ၃ အုပ်စုခွဲ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသတွေကနေ ထိုင်းနိုင်ငံ ဆမွတ်စာခွန်း၊ ရာယောင်ဂ၊ ကန်ချနဘူရီနဲ့ ဘန်ကောက်တို့မှာ အလုပ်ရမယ်ဆိုပြီး တယောက်ကို ပွဲစားခဘတ် ၁၅,၀၀၀ ကနေ ၃ သောင်းအထိပေးကာ ခုလိုဝင်ရောက်လာခဲ့ကြတာလို့ ပြောပါတယ်။
လတ်တလောမှာတော့ သူတို့အားလုံးကို ခရိုင် ၃ ခုထဲက သက်ဆိုင်ရာနယ်မြေရဲစခန်းတွေဆီ ပို့ဆောင်ကာ ဉပဒေအရ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါး နေတာကြောင့် ထိုင်းနိုင်ငံကို မြန်မာလူငယ်တွေ အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေရာမှာ တရားမဝင် နယ်စပ် ဖြတ်ကျော်လာသူတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။