
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်တွေအတွက် မြွေဆိပ် ဖြေဆေးတွေ လိုအပ်နေတာကြောင့် လှူဒါန်းပေးကြဖို့ အဖွဲ့ ပြန်ကြားရေးတာဝန်ခံက အကူအညီတောင်းခံလိုက်ပါတယ်။
ချုံထပ်တဲ့တောထဲမှာ လှုပ်ရှားသွားလာနေရတာကြောင့် ရဲဘော်တွေအတွက် အရေးပေါ် မြွေဆိပ်ဖြေဆေးတွေ အသင့်ဆောင်ထားဖို့ အလုံး ၃၀ လောက် လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လအတွင်းက ရဲဘော်တဦး ပိုးထိခဲ့ပြီး အရေးပေါ်မြွေဆိပ်ဖြေဆေး အကူအညီနဲ့ ဆေးတပ်ဖွဲ့ရဲ့ ရှေးဦးပြုစုမှုကြောင့် ဘေးကင်းခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အညာမှာက သိတဲ့အတိုင်း သဲမြွေပွေး၊ မျက်လျှော၊ မြွေစိမ်းခေါင်းပြားတွေကတော့ အိမ်မွေးအကောင်ပလောင်လောက်နီးပါးပေါပြီး တောထူရင် မြွေဟောက်၊ ငန်း ဘာညာတောင် တွေ့ရတတ်တယ်။ ပိုးထိပြီး ဆေးတခါထိုးရင် ၅ လုံး (50 ml) လောက်တော့ ထိုးရတတ်တာ ကြောင့် အနည်းဆုံး မြွေဆိပ်ဖြေဆေးအလုံး ၃၀ ခန့်အသင့်ဆောင်ထားဖို့ လိုနေတယ်။”
မြွေဆိပ် ဖြေဆေး ၁ လုံးကို အကြမ်းဖျင်းအနေနဲ့ သုံးသောင်းခွဲကျပ် နှုန်းထားနဲ့ တတ်နိုင်သလောက် အလုံးအရေအတွက်အလိုက် ပါဝင်လှူဒါန်းပေးဖို့ အကူအညီတောင်းခံထားပါတယ်။
မြွေဆိပ်ဖြေဆေးအတွက် လှူဒါန်းလိုပါက အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးစာမျက်နှာကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့သိရပါတယ်။