
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်စံပြကျေးရွာ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၃၀ ရက်နေ့မှာ ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့ မနက်ပိုင်းမှာ ဦးရွှေသောင်းဖေ အဖမ်းခံခဲ့ရပြီးနောက် ညနေ ၆ နာရီလောက်မှာ ကိုဇော်ကြီးဆိုသူကို စစ်ကောင်စီက ထပ်မံလာရောက်ဖမ်းဆီးသွားတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။
ဇူလိုင် ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက မောင်းမကန်ကျေးရွာမှာ အသက်မပြည်သေးတဲ့ ၁၆ နှစ်အရွယ် မစုပြည့်အောင် အပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။
ဖမ်းဆီးခံရသူ ၈ ဦးအနက် ဒေါ်တရုတ်မကတော့ သားဖြစ်သူအားမတွေ့တာကြောင့် ဓားစာခံအနေနဲ့ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဒေါ်စန်းမြင့်ဆိုသူကတော့ လူမှားအဖမ်းခံရတဲ့အတွက် နောက်ရက်မနက် ပြန်လွတ်လာတယ်လို့ ရွာခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူအားလုံးကို မောင်းမကန်နယ်မြေရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မောင်းမကန်ရွာမှာ ဇူလိုင် ၂၅ ရက်နေ့ မနက် ၁ နာရီလောက်ကလည်း မောင်းမကန်နယ်မြေရဲစခန်း ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဦးဇော်ဝင်း ဆိုသူအား PDF ကို ထောက်ပံ့တယ်ဆိုပြီး နေအိမ်မှာ ပစ်သတ်ခဲ့ပါသေးတယ်။