
ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ပအိုဝ့်အမျိုးသားကာကွယ်ရေးတပ် ( PNDF ) အဖွဲ့ရဲ့ ပထမ Challenge အဖြစ် “တော်လှန်ရေးဝန်ကိုထမ်းကူ၊ M4 တလက်အမ်းပြီးလှူ" အစီအစဉ်ကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပအိုဝ့်အမျိုးသားကာကွယ်ရေးတပ်မှ တာဝန်ရှိသူက "ကျနော်တို့ လှုပ်ရှားမှုမပြနိုင်လို့ ရပ်တည်ရေးအတွက် ခက်ခဲနေတဲ့အနေအထား ရှိပါတယ်။ လက်နက်အတွက်ဆို ပိုပြီးတော့ ခက်ခဲတာပေါ့။ လှုပ်ရှားပြချင်တဲ့အတွက် ထောက်ပံ့နိုင်ဖို့ ကျနော်တို့ အကြိမ်ကြိမ် အကူအညီတောင်းပေမယ့် တချို့က လှုပ်ရှားမှု ပြမှရမယ်ဆိုတဲ့ အနေအထားတွေရှိနေတာက ကျနော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုအခက်အခဲပါ။ လုပ်ပြမှလှူမယ်၊ မလုပ်ပြရင် မလှူဘူးဆိုတဲ့ အလှူရှင်များကို ပြောချင်တာက ဒီလိုလုပ်လိုက်တာဟာ တကယ်လုပ်နေတဲ့အဖွဲ့ မြေမြင်မှာရောက်နေတဲ့ အဖွဲ့တွေအတွက် အင်မတန်မှခက်ခဲစေပါတယ်၊ အားငယ်စေပါတယ်။ ကျနော်တို့ကို ယုံကြည်၊ ထောက်ခံ၊ ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်တို့ရဲ့ ပထမဆုံးသော အစီအစဉ်ကိုလည်း အောင်မြင်အောင် အအမ်းကြမ်းကြမ်းနဲ့ ပါဝင်ကြဖို့ ဝောင်းဆိုချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
M4 ၁ လက်စာ ပမာဏဟာ ၉၅ သိန်းကျပ် ဖြစ်ပြီး Challenge ကို ဇူလိုင် ၃၀ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ ၁ လ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
Pa -O National Defence Force အဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်းရှိ လူမျိုးစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လက်နက်မစုံသေးတာကြောင့် တပ်ဖွဲ့အတွက် လိုအပ်နေတဲ့ M4 ၁ လက်ကိုအမ်းရင်း တော်လှန်ရေးဝန်ကို အတူတူထမ်းကူပေးကြဖို့ သတ်မှတ်ရက်အတွင်း M4 Challenge အောင်မြင်အောင် ပြည်သူတွေအနေနဲ့ အပြိုင်အဆိုင် အမ်းပေးဖို့ ရဲဘော်တွေက တောင်းဆိုထားပါတယ်။