Home
မြန်မာသတင်း
ဆိပ်ဖြူတွင် စစ်ကောင်စီတပ် ဖမ်းဆီးရိုက်နှက်မှုကြောင့် လူငယ်တဦး သေဆုံး
DVB
·
July 31, 2022

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ ဇူလိုင် ၂၉ ရက်က အသက် ၁၅ နှစ်အရွယ် လူငယ် တယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PDF တပ်ဖွဲ့နဲ့ မိသားစုဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားအင်အား ၃၀ လောက်ဟာ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမရွာအနောက်ဘက် ယောကုလား၊ ရေကျော်ဘက်က နေထိုင်တဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီးသွားတာလို့ ဆိပ်ဖြူဘာမထီပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုပိုင်က ပြောပါတယ်။

ဇူလိုင် ၂၉ ရက်နေ့မှာတော့ အဲဒီလူငယ် ၂ ယောက်ကို ပြန်လာပို့ပြီးနောက် ဖခင်ဖြစ်သူအပါဝင် မြစ်ချိုး၊ ဝါးခုတ်တဲ့သူတွေကိုပါ နှစ်တလက်မ တုတ်တွေနဲ့ ထပ်မံရိုက်နှက်ခဲ့တာကြောင့် မောင်ဇေယျာကျော် နေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးခဲ့တဲလူငယ်အပါဝင် မိသားစုက တောင်ပေါ်မှာနေပြီး ဝါးခုတ်ကြတာ။ အဲဒါကို ဒလန်တွေက သတင်းပေးလို့ စစ်(...)တွေရဲ့ ရိုက်နှက်သတ်ဖြတ်တာကို ခံခဲ့ရပါတယ်” လို့ ကိုပိုင်က ပြောပါတယ်။

သားဖြစ်သူအလောင်း ပြန်ပေးဖို့တောင်းပေမယ့် ပေးလို့မရဘူးလို့ပြောပြီး အိတ်အမည်းထဲထည့်ပြီး ကားပေါ်တင်သယ်သွားကြတယ်လို့ မိခင်ဖြစ်သူ ဒေါ်ချောစုလှိုင်က  ပြောပါတယ်။

“အလောင်းကိုထားခဲ့ပါလားလို့ ပြောတာကို မပေးပါဘူး။ လူငယ်လေး ၂ ယောက်ငါးမျှားထွက်သွားတာကို ဒလန်တွေကလှမ်းတိုင်လို့ ဇူလိုင် ၂၈ ရက်နေ့မနက်ပိုင်းက ရိုက်နှက်ဖမ်းဆီးသွားပြီး ၂၉ ရက်နေ့မှာတော့ မျက်နှစ်တခုလုံး ဖူးရောင်ဒဏ်ရာတွေနဲ့ ပြန်ပို့တယ်။”

ဇူလိုင် ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲလောက်ကလည်း  စျေးဝယ်ထွက်လာတဲ့ ဂန့်ဂေါမြို့နယ်  မင်းရွာရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို PDF- ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၂ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်ထဲကို ဇွန်လကနေ ဇူလိုင်လအတွင်းမှာ စစ်ကောင်စီက စစ်ကြောင်း အများအပြားနဲ့ ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့အနေနဲ့ စစ်ကြောင်းလာပြီဆိုတာနဲ့ ကျေးရွာသားတွေကို ဘေးလွတ်ရာကို ပို့ဆောင်ပေးပြီး စစ်ကြောင်းပြန်တာနဲ့ နယ်မြေရှင်းလင်းရေးလုပ်ကာ ရွာတွေကို ပြန်ပို့ပေးတယ်တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်အထိ နိုင်ငံတဝှမ်း နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်သူ ဦးရေ ၇၈၃၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024