
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတွေကို ဇူလိုင် ၃၀ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာ ၃ ရွာ ထက် မနည်း ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသက် ၈၀ ကျော်အဘွးအို ၁ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ရေဦးမြို့အဝင် ကြာပန်းဝိုင်းပတ်အနီးမှ မူးမြစ်ကူးတံတားအရှေ့ဘက် ခင်ဦးမြို့နယ်အနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတဦးက “ဒရုန်းတစင်းက အပေါ်ကနေ ရွာတွေဘက် လာဝဲတယ်။ နောက်ပြီး လက်နက်ကြီးကျည်ဆန်တွေ အဆက်မပြတ်ကျလာတော့တာပဲ။ အင်းပတ်ကျေးရွာမှာ အသက် ၈၀ ကျော် အဘွားအို ၂ ဦးနဲ့ အမျိုးသား ၁ ဦး လက်နက်ကြီး ကျည်ထိတယ်။ အဲဒီ ၃ ဦးထဲက အဖွားအို ၁ ဦးက ဒဏ်ရာ အပြင်းထန်ရပြီး ညပိုင်းမှာ သေဆုံးသွားပါတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားတဲ့ အဘွားအိုဟာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပြီး မျက်စိတဖက်အပါဝင် ခန္ဓာကိုယ်နေရာအနှံ့ ထိခိုက်မှုတွေရှိခဲ့ရာမှာ အရေးပေါ်ဆေးကုသမှု ခံယူ နေရင်း သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အခုလို စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အင်းပတ်ရွာ၊ အင်းတိုင်းလေး(တောင်)ရွာ၊ မြင်းဒေါင်းရွာနဲ့ မကျီးအုပ်ကျေးရွာက ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။