
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ခမရ ၃၄၃ တပ်နဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို ဇူလိုင် ၃၀ ရက်က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) က ထုတ်ပြန်ပါတယ်။
ရေးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး တံတားကြီးထိပ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၃၀ ရက် မနက် ၈ နာရီလောက်မှာ လက်နက်ကြီး 79 mm တစ်လုံး သွားရောက် ပစ်ခတ်ခဲ့တာပါ။
ဒါ့အပြင် ဇူလိုင် ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာလည်း ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ခမရ ၃၄၃ တပ်ရင်းကို လက်နက်ကြီး 79 mm နှစ်လုံးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံး ရှိ မရှိ ဆက်လက် စုံစမ်းနေတယ်လို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) တွဲဖက်တာဝန်ခံ ကိုအဂ္ဂက DVB ကို ပြောပါတယ်။
ဒီစစ်ဆင်ရေးဟာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော် အပါအဝင် ၄ ဦးတို့အတွက် သွေးကြွေးပြန်ဆပ်တဲ့ Mission No 2 နဲ့ 3 ဖြစ်တယ်လို့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ကလည်း ရေးမြို့လယ်ခေါင်မှာ ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ရေးမြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မြို့မရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ပြောဆိုထားပါတယ်။