Home
ဆောင်းပါး
မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ခေတ်သစ်ကျွန်တွေ ဖြစ်လာအောင် ထိုင်းနိုင်ငံ ဘယ်လို တွန်းအားပေးနေသလဲ
DVB
·
July 30, 2022

ထိုင်းနိုင်ငံ ကမ်းရိုးတန်းမြို့လေး ရနောင်း

ညကောင်းကင်ထက်က လလေး ပြည့်ဝန်းတဲ့အချိန်။ ကြက်ပျံမကျ စည်ကားတဲ့ ကမ်းနားတဝိုက်။ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ၂၀၁၅ ခုနှစ်မှာ ခန့်အပ်ထားတဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေ အာဏာပိုင်တွေ (PIPO) ရဲ့ စောင့်ကြည့်မှုအောက်မှာရှိတဲ့ ဆိပ်ကမ်းဝင်ပေါက်ကို သင်္ဘောတွေ ဆိုက်ကပ်နေပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လေးလခန့်က မိုးသားလှေနဲ့အတူ လှေပေါ်သေဆုံးသွားတဲ့ ငါးဖမ်းသမားကို တင်ဆောင်ရင်း အချိန်ဇယားအတိုင်း ဆိုက်ကပ်လာတုန်းကတော့ အဲဒီစစ်ဆေးရေးမှူးတွေရဲ့ အာရုံစိုက်မှု မရရှိခဲ့ပါဘူး။

“အဲလိုအချိန်ဆို PIPO က အဲဒီရွှေ့ပြောင်းလုပ်သား ဘယ်လို သေဆုံးတယ်၊ သူတို့မိသားစုဝင်တွေကို ဘယ်လိုကူညီရမယ်၊ စတဲ့မေးခွန်းတွေ မေးသင့်တယ်။ သူတို့အနေနဲ့ အသက်ကယ်အင်္ကျီအကြောင်းပဲ မေးတာမျိုးမဟုတ်ဘဲ စောနကလိုမျိုးတွေ မေးစေချင်တယ်”လို့ အာဏာပိုင်တွေရဲ့ အာရုံထားမှု လွဲမှားနေတဲ့အကြောင်း ပြောလာပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့လေးလအတွင်း မိုးသားလှေ (သူ့ရဲ့လှေပိုင်ရှင်က သူ့အပေါ် ဖိနှိပ်မှုတွေပေးမှာကို စိုးရိမ်တဲ့အတွက် အမည်လွှဲပဲ အသုံးပြုဖို့ သဘောတူခဲ့ပါတယ်) တွေ့ကြုံခဲ့ရတဲ့ ပင်လယ်ထဲမှာ ဒုတိယမြောက် သေဆုံးမှုပါပဲ။ အဲဒီလို ကြောက်လန့်စရာတွေကို ကြံ့ကြံ့ခံခဲ့ရတဲ့အတွက် သူ့အနေနဲ့ နောက်ထပ်လှေတစီးကို မပြောင်းရဲတော့ပါဘူး။

“လှေတစီးကနေတစီး ပြောင်းလုပ်ဖို့ဆိုတာ ခက်ပါတယ်။ ကျနော်တို့အနေနဲ့ ရွေးချယ်စရာ မရှိဘူးလေ။ တကယ်လို့ ကျနော်တို့အနေနဲ့ တခြားငါးဖမ်းလှေတစီးကို ပြောင်းလုပ်မယ်ဆိုရင် ကျနော်တို့ပိုက်ဆံအိတ်ထဲက ငွေအများကြီး ပေးရမှာ။ ကျနော်တို့က အဲဒီအတွက် (စာချုပ်) ငွေမပေးချင်တော့ အန္တရာယ်ရှိတယ် ဆိုပေမဲ့လည်း ဒီလှေတစီးပေါ်မှာပဲ အလုပ်ဆက်လုပ်နေဖို့ ဖြစ်လာတော့တာပေ့ါ။”

အကြွေးတင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု

လွန်ခဲ့တဲ့ဆယ်နှစ်က ထိုင်းနိုင်ငံရဲ့ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းမှာ အကြွေးနဲ့ ချည်နှောင်ခံရခြင်း (အကြွေးထောင်ချောက်) အပေါ် ထိတ်လန့်ဖွယ် အစီရင်ခံစာတွေ ထွက်လာခဲ့ပြီး စားသုံးသူတွေကို အင်မတန် အံ့အားသင့်စေခဲ့သလို ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကဏ္ဍတခုအပေါ် သူတို့ရဲ့ရပ်တည်ချက်ကို ပြန်လည်စဉ်းစားဖို့ ဖြစ်လာစေခဲ့ပါတယ်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီးရဲ့ ၂၀၂၀ ပြည့်နှစ် အဆုံးအဖြတ် လေ့လာမှုအရ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းကဏ္ဍကို လေ့လာချက်မှာ ငါးဖမ်းလုပ်သား ၁၄ ရာခိုင်နှုန်းသာ အဓမ္မအလုပ်နဲ့ အကျပ်ကိုင်ခြင်းတို့ကို တွေ့ကြုံခံစားနေရတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားစည်းရုံးရေး အဖွဲ့အစည်းတွေရဲ့ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစု သို့မဟုတ် အလားတူ ကုန်သွယ်မှုတွေဟာ အလုပ်ရှင်၊ အေဂျင်စီ ဒါမှမဟုတ် ပွဲစားတွေနဲ့ အပြင်ပန်းအားဖြင့် ဆက်ဆံမှုခိုင်မြဲတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းက ကြွေးမြီတွေကြောင့်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုဒဏ်တွေကနေ အလားတူအခြေအနေတွေ ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်ကို နှစ်နှစ်ကြာ ပိတ်ထားတာကြောင့် ပွဲစားတွေက အခကြေးငွေတွေ သိသိသာသာတိုးပေးဖို့ တောင်းဆိုလာသလိုမျိုး ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေအပြင် ထိုင်းနိုင်ငံမှာ အလုပ်ရှာနေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပိုမိုကြီးမားတဲ့ စီးပွားရေး ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးနေရပါတယ်။

မိရိုးဖလာ လမ်းကြောင်း

လှေနဲ့ တခြားလုပ်သားတွေ ကြောက်တာက ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ အရပ်သားတပိုင်း အစိုးရကို ဖယ်ရှားလိုက်ပြီးနောက် အခြေအနေတွေ ပိုပြီးဆိုးရွားလာမှာကိုပါပဲ။ လှေရဲ့အဆိုအရ မြန်မာစစ်တပ် ပြန်လာပြီးတဲ့နောက် အလုပ်အကိုင် အလျှင်အမြန် လိုအပ်မှုကြောင့် ပွဲစားတွေအနေနဲ့ အလုပ်လိုအပ်နေသူတွေအပေါ် နောက်တကြိမ် ခေါင်းပုံဖြတ်မှု ပိုဖြစ်လာနိုင်တာပါ။

“အခုဆို ရွှေ့ပြောင်းနေထိုင်သူ အများကြီး တခြားနိုင်ငံတွေမှာ ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေကြရတယ်။ ဒါကို ကျနော် မြင်တွေ့နေရတယ်။ အရင်တုန်းက ငါးဖမ်းလုပ်သားတွေ အများကြီး ရုပ်ပိုင်းဆိုင်ရာ မတရားမှုတွေ ခံခဲ့ရတယ်။ အခုဆို အခြေအနေတွေ ပြောင်းလဲလာပြီ။ ကျနော်တော့ အဲဒီတုန်းကလိုပုံစံတွေ ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်။”

သင်္ဘောပေါ်မှာ ၁၇ နှစ်တာ လုပ်ကိုင်နေတဲ့ လှေလုပ်သားတယောက် လှေပိုင်ရှင်ရွေးပေးတဲ့ ပွဲစားကို ဗီဇာအသစ်၊ အလုပ်ပါမစ်အတွက် နှစ်စဉ်ပေးဆောင်ရသလို အကြွေးတွေလည်း ဆက်တိုက်ရှိနေပါတယ်။

လှေပိုင်ရှင်တွေကနေ စိတ်ကြိုက်ရွေးချယ်ထားတဲ့ ပွဲစားတွေကို တခြားအပိုကြေးတွေ ပေးရလေ့ရှိသလို အဲဒါတွေကိုလည်း ငါးဖမ်းလုပ်သားတွေရဲ့ လစာထဲကနေ နှုတ်ယူကြပါတယ်။ ဒါကို ငါးဖမ်းလုပ်သားတွေအနေနဲ့ ပြန်လည်ပေးဆပ်ဖို့ နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။

အလုပ်ရှင်ပြောင်းလဲတဲ့အခါ အကြွေးနဲ့ လုပ်အားလိုမျိုး အပိုအခကြေးငွေတွေကို အလုပ်ရှင်အသစ်က ပိုင်ဆိုင်သွားပါတယ်။

အရင်တုန်းက လှေအနေနဲ့ အလုပ်ရှင်ပြောင်းဖို့ လိုအပ်တဲ့ ပရီမီယံကြေးကို ပေးဆောင်ခဲ့ပေမဲ့ အခုအခါ မြန်မာနိုင်ငံက သူ့ရဲ့မိသားစုအတွက် ငွေလွှဲမှုတွေ ပိုမိုလိုအပ်လာနေပါတယ်။ သူ့ရဲ့ နောက်ဆုံးပြောင်းရွှေ့မှုကြောင့် လှေပိုင်ရှင်ကို ဘတ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၀၀၊ ယူရို ၂၇၀) ခန့် အကြွေးတင်နေပါသေးတယ်။

နောက်လကျရင် သူ့နောက်ဆုံးသင်္ဘောက ပင်လယ်ထဲပြန်မထွက်တဲ့အတွက် စာရွက်စာတမ်းကြေး အသစ်တွေ ပေးဆောင်ရမှာဖြစ်သလို အလုပ်လက်မဲ့လည်း ဖြစ်သွားပါတယ်။ အဲဒီအကြွေးသစ်ကို သူ့အနေနဲ့ ငါးလအတွင်း ပြန်ဆပ်နိုင်မယ်လို့ မျှော်လင့်ထားတာပါ။

“ကျနော့်မှာ မိသားစုရှိတဲ့အတွက် အဲဒီအကြွေးတွေကို တခါတည်း ပြန်မဆပ်နိုင်ဘူး။ ဆိုတော့ ကျနော့်အလုပ်ရှင်ကို လစာထဲကဖြတ်ဖို့ ပြောထားတယ်။”

အဓမ္မအလုပ်ခိုင်းစေခြင်းနဲ့ မသေချာတဲ့အလုပ်

လှေနဲ့ သူ့ရဲ့အလုပ်ရှင်ကြား ဘယ်တုန်းကမှ စာချုပ်ချုပ်ဆိုထားခြင်း မရှိပါဘူး။ သူ့အနေနဲ့ နောက်လအတွက် သူ့စာရွက်စာတမ်းတွေ အသစ်ပြန်လုပ်ဖို့ ဘယ်လောက်ကုန်ဦးမယ်ဆိုတာ မသိသလို တခါတလေ ထိုင်းဘတ် ၂,၀၀၀ အထိ (၆၆ ဒေါ်လာ) ပေးရတဲ့ အကြောင်းအရင်းကို သေချာမသိဘူးလို့ ဆိုပါတယ်။

သူ့ငါးဖမ်းသင်္ဘောမှာ ပုံမှန်အားဖြင့် အစာရေစာပြတ်လပ်သလို တခါတရံ နေ့ဘက်တွေမှာ ၁၂ နာရီထက်ပိုပြီး အလုပ်လုပ်ရခြင်းတို့က ထိုင်းနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် သဘောတူညီချက်ရဲ့ C188 ပါ အချက်တွေကို တိုက်ရိုက်ချိုးဖောက်နေခြင်း ဖြစ်ပါတယ်။

လှေအနေနဲ့ သူ့အလုပ်ကို လွတ်လပ်စွာ စွန့်ခွာနိုင်ခွင့် မရှိတာကလည်း အဖွဲ့အစည်းရဲ့ ဖော်ညွှန်းချက်တခုဖြစ်တဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့လည်း ကိုက်ညီနေပါသေးတယ်။

သူလုပ်ကိုင်တဲ့သင်္ဘော ဆိုက်ကပ်တဲ့အခါ မိုးသားလှေရဲ့ တိုင်ကြားချက်တွေက အရာမထင်လာခဲ့ပြန်ပါဘူး။

“PIPO မှာ မြန်မာဘာသာပြန်တွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ ဘာမှကို မလုပ်ကြတာ။ တခါတလေဆို လှေပေါ်မှာ စားစရာ လုံလုံလောက်လောက်မရှိဘူး။ ကျနော်တို့က အဲဒါကို ပြောပြပေမဲ့လည်း သူတို့ဖြေရှင်းပေးတာမျိုး မရှိဘူး။ ဒါကြောင့် ကျနော် စိတ်အရမ်းတိုတာ။ အဲဒါက ကျနော့်ကို ကျိန်စာတိုက်နေသလိုမျိုးပဲ” လို့ သူကပြောပါတယ်။ “တကယ်လို့ ခွေးတကောင် လမ်းပေါ်မှာသေသွားရင် အားလုံးဝိုင်းပြောကြတယ်။ ဒါပေမဲ့ မြန်မာတယောက်သေရင် သူတို့တွေ ဂရုမစိုက်ကြတော့ဘူး။”

မျက်ကွယ်ပြုလာတဲ့ ထိုင်းအာဏာပိုင်တွေ

ယမန်နှစ်က အဓမ္မအလုပ်စေခိုင်းမှု ၁၄ မှုအပေါ်ကိုပဲ စုံစမ်းစစ်ဆေးခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှု အစီရင်ခံစာ (Thailand’s Trafficking in Person -TIP) အပေါ် ကိုးကားပြီး ရွှေ့ပြောင်းအလုပ်သမား ထောက်ခံအားပေးရေး အဖွဲ့တွေက စစ်ဆေးမှုအားနည်းခြင်းနဲ့ တမင်လျစ်လျူရှုမှုတွေကို ထောက်ပြထားပါတယ်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ကြီးကြပ်ကွပ်ကဲတဲ့ ထိုင်းတော်ဝင်ရဲစစ်ဆင်ရေးဌာနကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့ပေမဲ့ အကြောင်းပြန်ခဲ့ခြင်း မရှိပါဘူး။

အကြွေးနှင့် ချည်နှောင်ခံရခြင်း ကို လေ့လာခဲ့တဲ့ ရွှေပြောင်းအလုပ်သမားများ အလုပ်အဖွဲ့ ကိုယ်စားလှယ် Adisorn Kerdmongkol က ငါးဖမ်းလုပ်ငန်းနဲ့ အိမ်အကူအလုပ်လို အလားတူကဏ္ဍတွေက အလုပ်သမား ၉၀ ရာခိုင်နှုန်းလောက်ဟာ ထိုင်းနိုင်ငံမှာ စာရွက်စာတမ်း၊ အလုပ်နေရာချထားမှုတွေအတွက် အလုပ်ရှင်တွေ ဒါမှမဟုတ် ပွဲစားတွေထံ ငွေပေးဆောင်နေရတာကို တွေ့ရှိခဲ့ပါတယ်။

“အဲဒါက စျေးကြီးရုံတင်မဟုတ်ဘူး၊ ခက်ခဲရှုပ်ထွေးတယ်” လို့ ရွှေ့ပြောင်းလုပ်သားတွေအတွက် နားလည်မှုစာချွန်လွှာ (MOU) လုပ်ငန်းစဉ်အကြောင်းကို သူက ပြောပါတယ်။ “မင်းက ဒီ MOU အောက်မှာ ငွေရှာဖို့ အခွင့်အရေး ရချင်တယ်ဆိုရင် မင်းအနေနဲ့ သုံးလလောက် စောင့်ရမယ်၊ ပြီးတော့ အစိုးရနဲ့ အလုပ်လုပ်ရမယ်။ ဒါက ရွေးချယ်မှုတခု မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒီကို မင်းက တရားမဝင်လာမယ်ဆိုရင် မင်းအနေနဲ့ ပွဲစားတဦး လိုအပ်မှာပဲ” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ရေရှည်အလုပ်သမားရှားပါးမှုကို ဖြေရှင်းဖို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀,၀၀၀ ခန့်အပ်ဖို့ ရည်ရွယ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ နားလည်မှုစာချွန်လွှာစနစ်ကို မေလမှာ ပြန်လည်စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် နယ်စပ်ကို အတင်းအကျပ် ဖြတ်ကျော်လာကြတဲ့ သောင်းနဲ့ချီတဲ့သူတွေဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းတွေကို ရွေးချယ်နေဆဲဖြစ်ကြောင်း သူက ဆိုပါတယ်။

The Seafood Working Group နဲ့ Global Labour Justice-International Labour Rights Forum တို့ရဲ့ ယခုနှစ် ဧပြီလမှာ ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်အရ မြဝတီ-မဲဆောက် နယ်စပ်ကို ပွဲစားနဲ့ ဖြတ်ကျော်လာတဲ့ ခရီးစဉ်တခုအတွက် လူတဦးကို ဘတ် ၈,၀၀၀ ကနေ ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၄၀-၃၀၀) လောက် ကုန်ကျကြောင်း တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံရေးရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Joint Action Committee for Burmese Affairs’) က ကိုမိုးကျော်ရဲ့ ပြောပြချက်အရ ပွဲစားအမျိုးအစားနှစ်မျိုးက အတိုင်အဖောက်အညီ အတူတူ အလုပ်လုပ်ကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအနှံ့အပြားက client (တိုင်းတပါးထွက် အလုပ်လုပ်လိုသူ) တွေကို နယ်စပ်ဒေသတွေဆီ သယ်ဆောင်ခဲ့ပြီးနောက်မှာတော့ တခြားပွဲစားအဖွဲ့တွေက အထည်ချုပ်စက်ရုံတွေ၊ ငါးလုပ်ငန်းတွေနဲ့ လှေတွေပေါ်မှာ အလုပ်ရဖို့ ပြုလုပ်ပေးကြပါတယ်။

ထိုင်းနိုင်ငံ ဒါမှမဟုတ် မလေးရှားနိုင်ငံအထိ ဖြတ်သန်းသွားလာခြင်းအပြင် အလုပ်နေရာ အပါအဝင် အလုံးစုံဝန်ဆောင်မှုအတွက် ဘတ် ၃၀,၀၀၀ (ဒေါ်လာ ၈၇၀) အထိ ကုန်ကျနိုင်ပါတယ်။

“ပွဲစားဆီ ပိုက်ဆံပေးဖို့ ဒီကလူတွေက အိမ်တွေပေါင်၊ ငွေချေးတယ်။ အဲဒီလိုနည်းနဲ့ ငွေမဖန်တီးနိုင်ဘူးဆို အေးဂျင့်တွေနဲ့ချိတ်ပြီး ဟိုမှာအလုပ်လုပ်တဲ့အခါ ရတဲ့လစာထဲက ပြန်ဖြတ်တဲ့ပုံစံနဲ့ လုပ်ကြတယ်” လို့ သူက ဆိုပါတယ်။

“ဒါပေမဲ့ တကယ်လို့ မင်းအဖမ်းခံရမယ်ဆိုရင် ကြိုပေးထားတဲ့ငွေတွေ ပြန်ရမှာမဟုတ်တော့ဘူး။ တချို့လူတွေဆို တောထဲမှာ ဘာမှစားစရာမရှိဘဲနဲ့ ပစ်ထားခံရတယ်။ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့မှ တခုခုစားကြရတယ်။”

“ဒါက ထုံးစံဖြစ်သွားပြီ။”

မွန်ပြည်နယ်က တောင်သူလယ်သမားတဦးဖြစ်သူ ဘထွန်းတယောက် သူမွေးထားတဲ့ ဝက်တွေကို ဧပြီလလောက်ကတည်းက ဆက်ပြီးကျွေးမွေးဖို့ မတတ်နိုင်တော့ပါဘူး။ ဒါကြောင့် ထိုင်းကိုသွားပြီး အလုပ်လုပ် ဘဝသစ်တခုပြန်စဖို့ ဘတ် ၂၃,၀၀၀ (အမေရိကန်ဒေါ်လာ ၆၇၂) ကို ပွဲစားတဦးဆီပေးမယ်ဆိုပြီး တွေးလိုက်ပါတယ်။ ပြီးတော့ ဘာမှမပေးသေးဘဲ ဆုံးဖြတ်ချက်တခုချပြီး ထွက်လာခဲ့ပါတော့တယ်။

“ကျနော့်ကိုပို့ပေးတဲ့ ခရီးစဉ်လည်းဆုံးရော ငွေထပ်တိုးတောင်းတယ်။ ဆိုတော့ ကျနော် လုံးဝမကျေနပ်ဘူး။ ကျနော် အဲဒီကုန်ကျစရိတ်တွေအားလုံး သူတို့ကို ပေးပြီးတဲ့အခါကျတော့ မြန်မာနိုင်ငံကိုပဲ ပြန်ပြီး ကျွန်တော့်အရင်အလုပ် ပြန်လုပ်ချင်လာတယ်” လို့ သူက ဆိုပါတယ်။

နယ်စပ်က မြစ်တခုကို လှေနဲ့ဖြတ်ပြီးတဲ့နောက်မှာတော့ ပွဲစားတွေက သူ့ကို စမွတ်ဆာခွန်က အထည်ချုပ်စက်ရုံတခုစီ ခိုးသွင်းပြီး အလုပ်ပေးခဲ့ပါတယ်။

သူ့အတွက် ပွဲစားခကို သူ့ညီမဖြစ်သူက မြန်မာပြည်မှာ ပေးခဲ့တာကြောင့် ဘထွန်းတယောက် ဘတ် ၁၈,၀၀၀ (ဒေါ်လာ ၅၂၆) ကို သူ့အလုပ်နေရာနဲ့ အလုပ်ပါမစ်အတွက် ထပ်ပေးချေရမှာ ဖြစ်ပါတယ်။ သူ့သူဌေးတွေက အဲဒီကုန်ကျစရိတ်ကို ကာမိဖို့အတွက် တလနှစ်ကြိမ် သူ့ရဲ့လစာတဝက်ကို ဖြတ်တောက်ပါတယ်။ သူ့အနေနဲ့ ဘယ်တော့အိမ်ပြန်ရမယ်ဆိုတာလည်း သေချာမသိသေးပါဘူး။

မျက်မှောက်ခေတ် ကျွန်ပြုမှု ပပျောက်အောင် လုပ်ဆောင်နေတဲ့ non-profit အဖွဲ့The Freedom Fund ရဲ့ အကြံပေး Roisai Wongsuban က ဒီထပ်တလဲလဲ လည်ပတ်နေတဲ့ စက်ဝန်းက ကြွေးမြီကျွန်ပြုမှုရဲ့ အဓိကအချက်ဖြစ်တယ်လို့ ဆိုပြီး အလုပ်သမားတွေအနေနဲ့ တောင်းဆိုချက်တွေအတိုင်း ပြန်ပေးဆပ်ဖို့ ပြီးမြောက်လာပြီဆိုရင် သူတို့ရဲ့ စာရွက်စာတမ်းတွေ အသစ်ပြန်သက်တမ်းတိုးဖို့ အချိန်ပြန်ရောက်သွားတာပဲလို့ ပြောပါတယ်။

“ဒီကဏ္ဍမှာ ဒါက ပုံမှန်ဖြစ်နေမြဲပါပဲ။ ဒါက ပုံမှန်ပါပဲ။ ပိုကောင်းတဲ့အလုပ်ရဖို့ ပိုက်ဆံပေးရတာပါပဲ။ စာရွက်စာတမ်းတွေ ဆိုတာကလည်း ဒီမှာအလုပ်လုပ်ဖို့ ပေးဆောင်ရတာပါပဲ။ ကိုယ့်အလုပ်ရှင်က စာရွက်စာတမ်းအတွက် ပွဲစားကို သူ့ဘာသာရွေးတယ်။ ပြီးတော့ ကျမတို့အနေနဲ့ တိုင်တန်းလို့မရဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ကျမတို့အတွက် ဘာကောင်းကျိုးမှ ဖြစ်မလာနိုင်လို့ပါပဲ” လို့ သူမက ပြောပါတယ်။

“ဒီလိုတွေးခေါ်မှုမျိုးက အလုပ်သမားတွေအပေါ် ထပ်တလဲလဲ ဖြစ်နေတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အများစုက သူတို့ကိုယ်သူတို့ အကြွေးနဲ့ချည်နှောင်ခံရတယ်လို့ မမြင်ကြတော့သလို ထိုင်းအာဏာပိုင်တွေ အများစုကလည်း ဒါကို မမြင်ကြတော့ဘူး။ လူတွေက ဥပဒေကို ဖောက်ဖျက်တဲ့အခါ အဲဒါက သာမန်လိုဖြစ်လာတယ်။ စျေးကွက်ထဲမှာ လူတိုင်းလုပ်နေကြတာ ဖြစ်တဲ့အတွက် အာဏာပိုင် တော်တော်များများက အဲဒီအပေါ် မမြင်ချင်ယောင်ဆောင်သလို သဘောမျိုး ဖြစ်လာတယ်။”

ကီရာနာဒွန်ကန် 

(ဒီသတင်းဆောင်းပါးက Pulitzer Center က ပံ့ပိုးပေးထားတဲ့ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အစီရင်ခံစာသုံးခုအနက် ဒုတိယမြောက် အစီရင်ခံစာ ဖြစ်ပါတယ်။ အခုသတင်းဆောင်းပါးကို Deutsche Welle နဲ့ ပူးပေါင်းထုတ်ဝေထားတာပါ။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024