စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းတခုဖြစ်တဲ့ ကလေး PDF တပ်ရင်း ၄ က NUG ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ စာသင်ကျောင်း ဖွင့်လှစ်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
“စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ဘေးရှောင်နေကြရတဲ့ ကလေးငယ်တွေကို ကျနော်တို့တပ်ရင်းမှ စာသင်ကြားပေးနေပါတယ်။ ၂၀၂၂ ခုနှစ်၊ မေလကတည်းက စတင်ခဲ့တဲ့ အစီအစဥ်လေးဖြစ်ပြီး ကျနော်တို့တပ်ရင်းရှိ ရဲမေတချို့က တာဝန်ယူ သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်” လို့ ကလေး PDF တပ်ရင်း ၄ က တာဝန်ရှိသူက ပြောပါတယ်။
ကလေးငယ်တွေ အမှန်တကယ် စာတတ်မြောက်ဖို့ ရည်ရွယ်ပြီး အရင်ပြည်သူ့အစိုးရမှ ပြုပြင်ပြောင်းလဲချမှတ်ခဲ့တဲ့ ‘စနစ်သစ်ပညာရေး’ စနစ်နဲ့သာ သင်ကြားပေးနေတာဖြစ်ပြီး ကျောင်းသားတွေရဲ့ နောင်ရေးအတွက် ရည်ရွယ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကိုလည်း ရယူခဲ့ပါတယ်။ စနစ်သစ်ပညာရေးစနစ်နဲ့ မူလတန်းအဆင့် KG မှ Grade 4 ထိ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါတယ်။
စာသင်ကျောင်းဟာ တပ်ရင်းစခန်းရဲ့ အပြင်ဘက်မှာ တည်ဆောက်ဖွင့်လှစ်ထားတာဖြစ်ပြီး မိမိတို့တပ်ရင်းစခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်စဥ်မှာ စာသင်ကျောင်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြပါတယ်။
တပ်ရင်းအနေနဲ့ တိုက်ခိုက်ရေးလုပ်ငန်းအပြင် အခုလို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကိုလည်း လုပ်နေသလို တပ်ရင်းစခန်းနဲ့ စာသင်ကျောင်း၊ ဆေးခန်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပေမဲ့ အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရင်ထက်ပိုပြီး ကြိုးစားနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ကလေးမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန လက်အောက်ကနေ ကျောင်းတွေဖွင့်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။